ပလက်ဝမြို့တစ်ဖက်ကမ်းရွာ လက်နက်ကြီးကျည် ကျ၊ ခြောက်တန်းကျောင်းသားတစ်ဦး ဒဏ်ရာရ

ပလက်ဝမြို့တစ်ဖက်ကမ်းရွာ လက်နက်ကြီးကျည် ကျ၊ ခြောက်တန်းကျောင်းသားတစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ တစ်ဖက်ကမ်းတွင်တည်ရှိသည့် အောက်မီးလက်ဝကျေးရွာတွင် ဖေဖော်ဝါရီ ၁၈ ရက် ည (၈) နာရီကျော်က လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် (၆) တန်းကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

လက်နက်ကြီးကျည်ထိမှန်သူမှာ အောက်မီးလက်ဝကျေးရွာနေ ဦးဟွေ့ဟော၏သား မောင်ကျော်ဌေးဦးဖြစ်ပြီး နေအိမ်အတွင်းနေစဉ် အဆိုပါဖြစ်စဉ်ကြောင့် ဦးခေါင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တခြားလူတွေတော့ ဒဏ်ရာမရဘူး။ ခုဆေးရုံမှာကုသမှုခံယူနေတယ်။ သူတို့မှာလည်း စားဝတ်နေရေးအဆင်ပြေတာမဟုတ်ဘူး ဆေးဖိုးဝါးခတွေလိုအပ်လိမ့်မယ်။ လူမှုကွန်ယက်ဘက်ကနေလည်း ကူညီပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ၊ သူ့အခြေအနေက ခေါင်းမှာဒဏ်ရာရထားတယ်ဆိုတော့ ခုလောလောဆယ်မှာတော့ စကားပြောလို့ရပေမယ့် စိုးရိမ်ရတာပေါ့ ’’ဟု ယင်း ဒေသခံကပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောက်သဲမဝကျေးရွာသားများ စိုးရိမ်မှု မြင့်တက်ကာ ပလက်ဝမြို့ပေါ်သို့ ရွာလုံးကျွတ် ညတွင်းချင်း ထွက်ပြေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား (၂၁) ဦးဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ပလက်ဝ- ကျောက်တော်အကြားပြေးဆွဲသည့် လိုင်းဆွဲစက်လှေများ ရပ်တန့်နေသည့်အတွက် ပလက်ဝမြို့နယ်သို့ ကုန်စည်စီးဆင်းမှု မရှိသောကြောင့် ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...