ပလက်ဝမြို့နယ်တွင် ဆန်နှင့်ကုန်စည်များ ပြတ်လုနီးပါးဖြစ်

ပလက်ဝမြို့နယ်တွင် ဆန်နှင့်ကုန်စည်များ ပြတ်လုနီးပါးဖြစ်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပိုမို ပြင်းထန်လာသည့်အတွက် ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့အကြား စက်လှေပြေးဆွဲမှုရပ်ဆိုင်းပြီး ကုန်စည်စီးဆင်းမှုမရှိတော့သည့်အတွက် ပလက်ဝမြို့တွင် ဆန်နှင့်အခြေခံစားသုံးကုန်၊ လောင်စာဆီများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝမြို့နယ်သို့ ဆန်နှင့် အခြားလူသုံးကုန်၊ စားသောက်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရတော့သည့်အတွက် ယခုလက်ရှိတွင် ဆန်ဆိုင်အများစု ရောင်းစရာ ဆန်မရှိတော့သဖြင့် ဆိုင်ပိတ်ထားရပြီး အခြားစားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းမှာလည်း ၂ ဆခန့်မြင့်တက်နေသည်ဟု အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခြေအနေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ စျေးမှာဝယ်စရာမရှိတော့ဘူး၊ လိုင်းစက်လှေမထွက်တာကလည်း ၂ ပတ်လောက်ရှိနေပြီဆိုတော့လေ။ ကုန်စိုကုန်ခြောက်ပေါ့ဗျာ။ ငါးခြောက်တွေကအစ ကြက်ဥတွေကအစ စျေးမှာဝယ်စရာ မရှိတော့ဘူး။  ဆန်တွေကလည်းဝယ်စရာမရှိတော့ ဆန်ရောင်းတဲ့ကုန်သည်တွေကလည်း ပိတ်ထားရတယ်။ ပိုက်ဆံရှိပေမယ့် ဝယ်စရာမရှိဘူး။ အဲလိုဖြစ်နေတယ်’’ ဟု ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ကြက်ဥ တစ်ထောင်ဖိုး ၄ လုံး၊ ဓာတ်ဆီ ၁ ဂါလံ တစ်သောင်းကျပ်၊ ဆန်တစ်အိတ် ၃၀၀၀၀ ကျော်၊ ကွမ်းရွက် ၁ ပိသာ ၁၀၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ပြီး အကယ်၍ စက်လှေလိုင်းများ ဆက်လက် ရပ်ဆိုင်းပြီး ကုန်စည်ဝင်ရောက်လာမှုမရှိပါက ရက်ပိုင်းအတွင်း ပြတ်လပ်သွားနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် လောင်စာဆီလည် ရှားပါးလာသည့်အတွက် ယခင်က ပလက်ဝမြို့ကို တစ်ညလျှင် ၄ နာရီနှုန်း လျှပ်စစ်မီးပေးရာက ယခုအခါ တစ်နာရီလျှော့ချပြီး ၃ နာရီသာ လျှပ်စစ်ဌာနက ပေးနိုင်တော့သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကျနော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကိုတင်ပြထားပါတယ်။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့လုံခြုံရေးနဲ့လိုအပ်တဲ့ဟာတွေကူညီဖို့လည်း ပြင်ဆင်နေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဘက်ကလူတွေနဲ့ရောကျနော်တို့တိုက်ရိုက်ဆွေးနွေးနေပါတယ်၊ အဲလိုလေးတွေဘက်ပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် ဒီဟာက စစ်မက်ဖြစ်တဲ့နေရာဆိုတော့ တော်တော်တော့ လုပ်ရကိုင်ရတာခက်ခဲတဲ့အနေအထားတော့ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ လုပ်ဖို့ခက်ခဲတဲ့အနေအထားပါ။ ပြည်ထောင်စုကပဲ လုပ်ပေးမှအဆင်ပြေမယ့်အနေအထားပါ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ ဆန်နှင့် ကုန်စည်များကို အဓိက မှီခိုအားထားနေရပြီး ရေလမ်းကြောင်းကိုသာ အဓိကအသုံးပြုနေကြရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...