ခမ်းပတ် ညောင်ပင် ကျောက်စာတိုင် စစ်ကိုင်းတိုင်းအစိုးရ ပြန် ဖျက်ခိုင်း

ခမ်းပတ် ညောင်ပင် ကျောက်စာတိုင် စစ်ကိုင်းတိုင်းအစိုးရ ပြန် ဖျက်ခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ သမိုင်းဝင် ခမ်းပတ်ညောင်ပင်အောက်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖျက်သိမ်းစေခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြန်လည်ဖြိုဖျက်လိုက်သည်ဟု သိရသည်။

ကျောက်စာတိုင် စိုက်ထူသည့်ကိစ္စနှင့်ပတ်သက်၍ ခမ်းပတ်မြို့ အမှတ် (၅) ရပ်ကွက်နေ ဗမာတိုင်းရင်းသားများက မကျေနပ်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားပြီး ယင်းမှတဆင့် တိုင်းအစိုးရအဖွဲ့ထံ ရောက်ရှိသွားပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးက ကျောက်စာတိုင်ကို ပြန်လည်ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ခမ်းပါတ် ညောင်ပင်ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

အဆိုပါကော်မတီ ဥက္ကဋ္ဌ Pu B.H Khuma က “ခမ်းပါတ်မြို့ ထွေအုပ်ကနေ ဒီလ  ၁၁ ရက်နေ့က ကျွန်တော်တို့ကို ခေါ်ပါတယ်၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောက်စာတိုင်ကို ပြန်ဖျက်ဖို့ တမူးခရိုင် အုပ်ချူပ်ရေးမှူးထံ အကြောင်းကြားလာတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့ကော်မတီအတွင်းမှာလည်း ပြန်လည်တိုင်ပင်ကြပြီးတော့ အငြင်းပွားမှု ပြဿနာတွေ ဖြစ်လာမယ့်အစား အစိုးရရဲ့ အမိန့်ကို နာခံကြတာ ကောင်းပါတယ်ဆိုပြီး စည်ပင်ဦးစီးမှူးကလည်း တခြား ပြန်လုပ်လို့ ရပါတယ်ဆိုပြီး ပြောတာကြောင့် ကျွန်တော်တို့ကိုယ်တိုင် သွားရောက် ဖျက်ကြပါတယ်’’ဟု ပြောသည်။

အမှတ် (၅) ရပ်ကွက်နေ ဗမာတိုင်းရင်းသား ၁၂၈ ဦးက လက်မှတ်ရေးထိုး၍ ချင်း (လူရှိုင်း) နာမည်ဖြင့် ကျောက်စာတိုင် စိုက်ထူမှုသည် လူမျိုးခြားအနေဖြင့် ကျေနပ်မှု မရှိကြောင်း၊ ကျောက်စာတိုင်ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်လှစ်ပေးကြောင်း ရေးသားပြောဆိုမှုမှာလည်း မှန်ကန်မှုမရှိကြောင်း၊ ကျောက်တိုင်ဖွင့်လှစ်သည့်နေ့တွင်လည်း ဝန်ကြီးချုပ် တက်ရောက်ခြင်း မရှိကြောင်းစသည်ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျောက်စာတိုင်ကို ၂၀၁၉ နိုဝင်ဘာ၂၂ ရက်က ကျင်းပသော ခမ်းပါတ်ညောင်ပင်ပွဲတော်(Bungpui Kut) တွင် စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်နှင့် ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးတို့က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က“ဗမာတွေက ကန့်ကွက်တော့ စာတင်တယ်လေ။ ဒီလို ကန့်ကွက်မှုတွေ ရှိတော့ ခရိုင်က အဆင့်ဆင့် စိစစ်တယ်လေ၊ လူမျိုးရေးနဲ့ ဖြစ်လာတဲ့အခါကျတော့ ပြဿနာဖြစ်မှာ စိုးလို့ ပြန်ဖျက်တာ နေမှာပေါ့၊ သူတို့လည်း’’ ဟု ပြောသည်။

ယင်းကျောက်တိုင်တွင် 'ချင်းလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်ဖြစ်ပြီး အေဒီ (၈) ရာစုခန့်က အခြား တိဘက် -မြန်မာ လူမျိုးများနှင့်အတူ တရုတ်နိုင်ငံ အနောက်မြောက်နှင့် တိဘက်၏အရှေ့မြောက်ဒေသရှိ ချင်လုံအရပ်မှ မြန်မာနိုင်ငံအတွင်း ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ မြစ်၏ အနောက်ဖက် တောင်တန်းဒေသများတွင် ပြန့်နှံ့နေထိုင်ကြပါသည်။ ချင်း (လူရှိုင်း) လူမျိုးနွယ်စုများသည် အနောက်ဖက်တောင်တန်းဒေသများသို့ မထွက်ခွာမီ အေဒီ (၁၂၀၀) ဝန်းကျင်တွင် ဤအရပ်၌ ညောင်ပင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းသုတေသီများ၏ဖော်ထုတ်ချက်အရ သိရှိရပါသဖြင့် ဤကျောက်စာတိုင်ကို မှတ်တမ်းတင်စိုက်ထူအပ်ပါသည်'ဟု ချင်း (လူရှိုင်း)၊ အင်္ဂလိပ်၊ မြန်မာ ဘာသာစကား သုံးရပ်ဖြင့် ဖော်ပြထားသည်။

သမိုင်းကြောင်းအရ ချင်း (လူရှိုင်း) ဘိုးဘွားများသည် လွန်ခဲ့သော AD 1150 – 1200 ဝန်းကျင်ခန့်က ကဘော်ချိူင့်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့ကြပြီး ချင်းတောင်တန်းဘက်သို့ ဆက်လက်မထွက်ခွါ ယခု ခမ်းပါတ်မြို့၌ ညောင်ပင်တစ်ပင် စိုက်ပျိုးခဲ့ကြပြီး အကိုင်းအခက်များက မြေကြီး ထိသည့် အချိန်တွင် ပြန်လည် စုစည်းကြရန် ရည်ရွယ်ခဲ့ကြသည်ဟု ဆိုကြသည်။

Pu B.H Khuma က “ကျွန်တော်တို့ ဘိုးဘွားတွေ စိုက်ထူခဲ့တဲ့ ညောင်ပင်ကို ကျွန်တော်တို့ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်၊ ဘယ်တိုင်းရင်းသားလူမျိုးမဆို မိမိတို့ ဘိုးဘွားအမွေအနှစ်တွေ ထိန်းသိမ်းကာကွယ်နိုင်တယ်ဆိုပြီး ဥပဒေမှာလည်း ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုမှာ အမှားမရှိလို့ ကျွန်တော်တို့ယူဆတယ်"ဟု ပြောသည်။

ယခုလို ၎င်းတို့စိုက်ထူသည့် ကျောက်စာတိုင်ကို ပြန်လည်ဖျက်ဆီးစေခြင်းမှာ လူမျိုးတစ်မျိုးအပေါ် မလေးစားရာ၊ အလေးမထားရာ ရောက်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

"ဒါကြောင့် အစားထိုးကျောက်တိုင် ပြန် မစိုက်ပေးဘူးဆိုရင် ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး လုပ်သင့်တာ လုပ်ဆောင်သွားမယ်”ဟု Pu B.H Khuma က ပြောသည်။

အဆိုပါညောင်ပင်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သူများကလည်း မိမိတို့ဘိုးဘွားများ၏ သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည်ဟုဆိုကာ အလွန်တန်ဖိုးထားကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချူပ်ကိုယ်တိုင်လည်း ယင်းညောင်ပင် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် မြန်မာနိုင်ငံအစိုးရကို အိန္ဒိယအစိုးရမှတဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။

မီဇိုရမ်အစိုးရအဖွဲ့အကြီးအကဲများ၊ မီဇိုရမ်ပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါတိုင်းတွင်လည်း ခမ်းပါတ်ညောင်ပင်ရှိရာသို့ မဖြစ်မနေ သွားရောက် လည်ပတ်လေ့ ရှိကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...