တရုတ်တွင် ချင်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ ဆိုကာ ကုမ္ပဏီက တောထဲ ပစ်ထား

တရုတ်တွင် ချင်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ ဆိုကာ ကုမ္ပဏီက တောထဲ ပစ်ထား

လားနွန် – တရုတ်နိုင်ငံ ရှန်ဒုံးပြည်နယ် ဝဲဟိုင်မြို့ရှိ ရေညှိထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ရင်း နာမကျန်းဖြစ်နေသူ ချင်းအမျိုးသားတစ်ဦးကို ကုမ္ပဏီ တာဝန်ရှိသူများက (COVID 19) ဝူဟန်ဗိုင်းရပ်စ် ကူးစက်သည်ဟု ယူဆကာ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က တောထဲတွင် သွားရောက်ပစ်ထားခဲ့ကြသည်ဟု သိရသည်။

အဆိုပါအမျိုးသားသည် ကလေးမြို့ တာဟန်းရပ်ကွက်နေထိုင်သူ Pu Vanlaldika နှင့် Pi Lallianpuii တို့၏ သား အသက် (၂၃) နှစ်အရွယ် မောင်ဗန်လားမောယာဖြစ်သည်။  

၎င်းသည် ပြီးခဲ့သည်အပတ်မှစ၍ နေမကောင်းဖြစ်သည့်အတွက် ကုမ္ပဏီ တာဝန်ရှိသူများက ဆေးခန်းသို့ ပြခိုင်းထားကြောင်း၊ လျှာထုံကာ စကားပြောရန်ခ က်ခဲခြင်း၊ အသက်ရှု အနည်းငယ်ကျပ်ခြင်းနှင့် ခြေလက်များ ထုံကျင်ကိုက်ခဲမှုတို့ ခံစားနေရကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူများက ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံတွင် ပြန့်ပွားနေသည့် Coronavirus ကူးစက်ခံရသည်ဟု ယူဆကြသောကြောင့် တောထဲသို့ သွားရောက်ပစ်ထားခဲ့ကြကြောင်း ဗန်လားမောယာ၏ အစ်မဖြစ်သူကပြောသည်။

“သူကအရင်ကတည်းက ခြေထောက်မခိုင်တာ။ ဒါပေမဲ့ တရုတ်ပြည်သွားတော့ သူ တော်တော်လေး ကောင်းပုံရှိတယ်။ သူတို့ကုမ္ပဏီက အခု အလုပ်ရုံက အလုပ်နားနေတယ်။ သူကအရက်လည်းဖြတ်ထားတယ်ဆိုတော့  လေဖြတ်ချင်တာလား မသိဘူး။ ပိုပြီးတော့ ခြေထောက်က မခိုင်လာတာ။ လျှာကလည်း လေးနေတယ်လို့ သိရတယ်၊ ဖျားတာ ချောင်းဆိုးတာလည်း ဘာမှတော့ မရှိဘူးဆိုတော့ ကုမ္ပဏီကလည်း နှစ်ရက်လောက်တော့ ဆေးတွေတော့ ပေးတယ်။ ဒါပေမဲ့ နောက်တော့ သူတို့ မပြုစုချင်တော့တာလား၊ အဲလို ကားနဲ့တင်ပြီး မြို့ပြင်ဘက်မှာ ထားခဲ့ကြတယ် ။ အဲဒီထိ ကျမတို့ စကားပြောလို့ ရသေးတယ်၊ ဖုန်းနဲ့ ဆက်သွယ်ကြတယ်” ဟု အစ်မဖြစ်သူ မဇားဇိုးအီးက ပြောသည်။

မြို့ပြင်ဘက် တောထဲတွင် ကုမ္ပဏီက ထားခဲ့ပြီးနောက်ပိုင်း မြို့ပြင်ရှိ အိမ်ဟောင်းတစ်ခုအတွင်း တစ်ညလုံးနေခဲ့ရကာ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်မှ မြို့ထဲသို့ပြန်ရောက်နိုင်ခဲ့သော်လည်း ခြေထောက်ထုံကျင်မှုများကြောင့် အတော်လေး ပင်ပန်းနေပြီး တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ကူညီပေးရန် မိသားစုများက တောင်းဆိုထားကြသည်။

ဗန်လားမောယာသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ၂၀၁၉ ဖေဖော်ဝါရီက ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်တိတိရှိပြီဖြစ်ပြီး ယခုကုမ္ပဏီတွင် အလုပ်ဝင်သည်မှာ တစ်လခန့်သာ ရှိသေးကြောင်း သိရသည်။

သူ့မိသားစုဝင်များ၏ ပြောပြချက်အရ ယခုလက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင်း နေထိုင်နေကြသည့် ချင်းလူမျိုးအချို့က ကူညီရန် လုပ်ဆောင်နေကြောင်း၊ ဗန်လားမောယာသည်လည်း သူနေထိုင်သည့် မြို့အနီးအနား မြို့ထဲတစ်နေရာတွင်ရှိပြီး သူ၏အသိမိတ်ဆွေ Remruata ဆိုသူက သွားရောက်ခေါ်ဆောင်ရန် စီစဉ်နေဆဲဖြစ်ကြောင်းသိရသည်။

ဗန်လားမောယာသည် လက်ရှိလုပ်ကိုင်နေသည့်ကုမ္ပဏီ၌ ပင်လယ်ရေညှိများထုပ်လုပ်ခြင်း လုပ်ကိုင်နေကြောင်း မိသားစုများက ပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...