ရခိုင်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ(၂)ဦး၏ သွေးများကို စစ်ဆေးရန် ထိုင်းသို့ပို့ထား

ရခိုင်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ(၂)ဦး၏ သွေးများကို စစ်ဆေးရန် ထိုင်းသို့ပို့ထား

မျိုးသီရိကျော် — ရခိုင်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ(၂)ဦး၏ သွေးများကို ဓာတ်ခွဲ စမ်းသပ် စစ်ဆေးရန်အတွက် ထိုင်းနိုင်ငံသို့ ပို့ဆောင်ထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးနှင့် စောင့်ကြည့်လူနာနှစ်ဦးရှိခဲ့ရာ သံသယလူနာကို စစ်ဆေးချက်အရ သံသယလူနာဟု မပေါ်ပေါက်သဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။ လက်ရှိတွင် စောင့်ကြည့်လူနာနှစ်ဦးသာရှိသည်ဟု ဒေါက်တာခင်ခင်ကြီး က ပြောသည်။

“တချို့လူတွေက သူတို့ကို သံသယလူနာလို့ပြောကြတယ်။ ဒါပေမဲ့ သူတို့က သံသယလူနာမဟုတ်ဘူး၊ စောင့်ကြည့်လူနာပါပဲ။ အခုရက်ပိုင်းလောက်ကပဲ သူတို့ရဲ့သွေးတွေကို ထိုင်းနိုင်ငံကို ပို့ထားတယ်။ နောက်တစ်ရက်၊ နှစ်ရက်နေရင် အဖြေထွက်လာတော့မယ်” ဟု ၎င်းကဆိုသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိသည့် သံသယလူနာမှာ မင်းပြားမြို့နယ်မှ အမျိုးသားဖြစ်ပြီး လက်ရှိစောင့်ကြည့်လူနာများမှာ မောင်တောမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးတို့ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

 “လက်ရှိမှာ သူတို့ကို ဆေးရုံရဲ့သီးသန့်ဆောင်မှာ စနစ်တကျထားရှိပြီးတော့ စောင့်ကြည့်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သုံးဦးမှာ တရုတ်နိုင်ငံတွင် အလုပ်လုပ်ပြီး ပြန်လာကြသူများဖြစ်သည်။

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၁၃ ရက် ကြာသပတေးနေ့အထိ စုစုပေါင်း သေဆုံးသူဦးရေ ၁၃၅၅ ဦး၊ ကူးစက်ခံထားရသူဦးရေ ၆၀၀၀၀ နီးပါးရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...