ရသေ့တောင် စစ်ဘေးရှောင်အချို့ မြေကြီးပေါ် ကတ်ထူစာရွက် ခင်း အိပ်နေရ

ရသေ့တောင် စစ်ဘေးရှောင်အချို့ မြေကြီးပေါ် ကတ်ထူစာရွက် ခင်း အိပ်နေရ
ဓာတ်ပုံ - မေယုထွန်း)
ဓာတ်ပုံ - မေယုထွန်း)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင် များပြားစွာ ရောက်ရှိလာရာ နေထိုင်ရေးအခက်အခဲ ဖြစ်ပေါ်နေပြီး အချို့စစ်ဘေးရှောင်များမှာ အခင်းမရှိသဖြင့် မြေကြီးပေါ်တွင် ကတ်ထူစာရွက်များခင်းပြီး အိပ်စက်နေရသည်ဟု ကူညီကယ်ဆယ်ရေးပေးနေသူများက DMG သို့ ပြောသည်။

ယခုရက်ပိုင်း တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မြောက်ပိုင်း သမီးလှ၊ ပြိန်းတော၊ မညှင်းတောင်၊ အောင်ဇေယျ စသည့်ကျေးရွာများက ဒေသခံ (၃၀၀၀၀)ကျော်ခန့်မှာ မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန်ရောက်ရှိနေခြင်းဖြစ်သည်။

“ ဘုန်းကြီးကျောင်းဝင်းထဲမှာ တာပေါ်လိပ်တွေနဲ့ နေရာချပေးရပေမယ့်လည်း တာပေါ်လိပ်တွေ မရှိ၊ မလုံလောက်တာ၊ အခင်းတွေ မလုံလောက်တာတွေ ဖြစ်နေပါတယ်။ အခုလည်း အဲဒီအတိုင်းပဲ သမံတလင်းပေါ်မှာ မြေကြီးပေါ်မှာ အိပ်နေရတဲ့သူတွေရှိနေပါတယ်”ဟု ကူညီကယ်ဆယ်ရေးပေးနေသူ ကိုကျော်မင်းခိုင်က ပြောသည်။

ပဋိပတ္တိစည်ပင်သာယာကျောင်း စစ်ဘေးရှောင်စခန်းတွင် အောင်မြေကုန်း၊ ဗောဓိကုန်းစသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၂၅၀ ခန့်ခိုလှုံနေကြပြီး အခင်းမရှိဘဲ အိပ်နေရသူ (၁၀၀)ကျော်ခန့်ရှိသည်ဟု စခန်းတာဝန်ခံ ဦးအောင်စိုးမြက ဆိုသည်။

“ လူဦးရေ ၁၀၀ လောက်ဟာ လောလောဆယ် ဈေးဆိုင်ကနေ စက္ကူကတ်ထူတွေတောင်းပြီးတော့ တဲလေးတွေဆောက်ပြီး အမိုးအကာလုပ်ပြီးနေရတယ်။ အခင်းကမရှိပဲ အိပ်နေကြရတယ်” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များအတွက် ယခင်က မြို့ပေါ်မှ ထောက်ပံ့ရေးအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း စစ်ဘေးရှောင်ဦးရေ များပြားလာသောကြောင့် လုံလောက်သည့်ကူညီမှုများ မပေးနိုင်ပေ။ ထို့ပြင် အခြားကူညီထောက်ပံ့ရေးအဖွဲ့အစည်းများလည်း လာရောက်ထောက်ပံ့မှု နည်းပါးလာသောကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေရခြင်းဟု ဆိုကြသည်။

“ အခုလို ဆောင်းရာသီမှာ မြေကြီးပေါ်မှာ အိပ်စက်ရတဲ့အတွက် ကလေးတွေ၊ သက်ကြီးတွေ ဗိုက်အောင့်တာတွေ၊ နေမကောင်းဖြစ်တာတွေရှိနေတယ် ” ဟု ဦးအောင်စိုးမြကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော် အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...