ဘူးသီးတောင်စာသင်ကျောင်း လက်နက်ကြီးကျည်ထိမှန်၍ မူလတန်းကျောင်းသား(၂၁)ဦးဒဏ်ရာရ

ဘူးသီးတောင်စာသင်ကျောင်း လက်နက်ကြီးကျည်ထိမှန်၍ မူလတန်းကျောင်းသား(၂၁)ဦးဒဏ်ရာရ
ဓာတ်ပုံများ - ချလူးအောင်
ဓာတ်ပုံများ - ချလူးအောင်

မြတ်ဆွေ  — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မူလတန်းကျောင်းသား၊ ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောင်းဆရာ ဦးသာအေးမောင်က DMG သို့ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရန်အတွက် စာသင်ခန်းမထဲသို့ရောက်ရှိနေစဉ် လက်နက်ကြီးကျည်တစ်လုံး ကျောင်းခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

“လက်နက်ကြီးတစ်လုံးကျလာတယ်။ ခေါင်မိုးတွေအားလုံးပြိုသွားပြီ။ စာမေးပွဲလည်းနီးလာပြီ။ ကလေးတွေကလည်း အခုလိုလည်း ဒဏ်ရာရတယ်။ ပြီးတော့ ကျောင်းလည်းပြိုနေပြီးဆိုတော့ ကျနော်တို့ စာစစ်ဌာနလုပ်လို့ မရတော့ဘူး” ဟု ဦးသာအေးမောင်က ဆိုသည်။

ဒဏ်ရာရကျောင်းသား၊ကျောင်းသူများကို ICRC ၏အကူအညီဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ရန်သွားရောက်စဉ် ရွာနှင့်တစ်မိုင်ခန့်အကွာတွင်ရှိသည့် ခမရတပ်ရင်း (၅၆၅)က ခေါ်ယူစစ်ဆေးပြီး ဆေးကုသမှုပေးခဲ့သည်။ ထို့နောက် ဒဏ်ရာပြင်းထန်သူ (၁၇)ဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး သက်သာသွားသူများကို ရွာသို့ပို့လိုက်သည်။

ဒဏ်ရာရရှိသူများအားလုံးသည် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ကြားအရွယ်များ ဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် အသက် (၁၂)နှစ်အရွယ် မခင်မေဦးမှာ လည်ပင်းတွင်ကျည်ထိသွားပြီး အသက် (၁၂) နှစ်အရွယ် မနီခိုင်မှာ ခြေထောက်တွင် ကျည်ထိသွားသဖြင့် ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံများက ဆိုသည်။

နံနက်ပိုင်းက ယင်းကျေးရွာ၏ တစ်မိုင်ခန့်အကွာတောင်တန်းများတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

“နှစ်ဖက်တိုက်ပွဲဖြစ်တာက ကျနော်တို့ နံနက် ၉ နာရီလောက်ပင်ကြားရတယ်။ သူတို့က တစ်နာခွဲကျော်ကြာ ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးက ဘယ်ကလာကျမှန်းမသိဘူး” ဟု ဒေသခံ ဦးကျော်သာခိုင်က ပြောသည်။

ခမီချောင်းမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၆၃)ယောက်ရှိပြီး ဆရာ၊ဆရာမ (၅) ယောက်ရှိသည်။

ယင်းမတိုင်မီတစ်ရက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင်မွတ်ဆလင်ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား(၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပြီးနေပြီး အရပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်လည်း များလာနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...