ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများရပ်ဆိုင်း၊ ပလက်ဝမြို့တွင်ဆန်ဈေးမြင့်တက်

ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများရပ်ဆိုင်း၊ ပလက်ဝမြို့တွင်ဆန်ဈေးမြင့်တက်

လားနွန် — ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများ တစ်ပတ်ကျော်ကြာမပေးဆွဲတော့သည့်အတွက် ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အထူးသဖြင့် ဆန်းဈေး မြင့်တက်လာနေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားသောက်ကုန်များကို ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေများဖြင့် အဓိကသယ်ယူလေ့ရှိကြပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်သည့်အတွက်ကြောင့် စက်လှေလိုင်းများမပြေးဆွဲရဲ ဖြစ်နေကြသည်ဟု ပလက်ဝမြို့မှ စက်လှေအမောင်းသမားတစ်ဦးကပြောသည်။

“မထွက်ရဲဘူး အောက်ဖက်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကြောက်နေကြတယ် အခြေအနေမကောင်းလို့နားတာ တစ်ပတ်လောက်ရှိပြီနားတာ၊ စက်လှေမထွက်ရဲဘူးဆိုရင်တော့ သယ်လို့မရတော့ဘူး အခုအားလုံးကတော့ ကုန်ဈေးနှုန်းတက်နေပြီ တစ်ပတ်ကျော်ကျော်လောက်စက်လှေမထွက်ရဘူးဆိုတော့ ဆန်တို့ စားကုန်တို့ကဈေးနည်းနည်းတက်နေပြီ”ဟု စက်လှေအမောင်းသမားကပြောသည်။

ထို့ကြောင့် ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ယခင်က ကျပ်ငွေ ၂ သောင်းခန့်ရှိသည့် ဆန်တစ်အိတ်မှာ ၃ သောင်းနီးပါးအထိ ဈေးတက်သွားသည်ဟု ၎င်းကဆက်ပြောသည်။

တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့သည် ပလက်ဝမှ ကျောက်တော်ဘက်ကိုသွားသည့် လမ်း တင်းမရွာနှင့် မီးချောင်းရွာအနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးသံများ သေနတ်ပစ်ခတ်သံများမှာ ဆက်လက်ကြားနေရသည့်အတွက် စက်လှေပြေးဆွဲမှု ရပ်ဆိုင်းထားကြဆဲဖြစ်သည်။

ပလက်ဝမြို့ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးက “အခုက လိုင်းစက်တွေမထွက်တော့ ဆန်ကတော့ နည်းနည်းလေးတော့ တဖြည်းဖြည်းနဲ့ ရှားလာတယ် လောလောဆယ်တော့ မြို့နယ် အစီအစဉ်နဲ့တော့ ဒီမှာတိုက်ပွဲရှောင်တွေအတွက် တစ်ချို့ဆန်တွေပေါ့နော်မြို့နယ်စီမံအနေနဲ့ လုပ်ထားတဲ့ဟာရှိနေတယ် အဲဒါတွေကို ပြန်ပြီးမှ ပြန်ထုတ်ပေးမယ်ဆိုတာတော့ ကြားတယ် လောလောဆယ်တော့ ဆန်ဈေးနှုန်းတအားကြီးတက်သွားတာတွေတော့မကြားမိသေးဘူး” ဟု ပြောသည်။

လိုင်းဆွဲစက်လေများ ဆက်လက်ရပ်ဆိုင်းပြီး ကျောက်တော်ဘက်မှ အခြေခံစားသောက်ကုန်များ မသယ်ယူနိုင်ပါက ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများ ယခုထက်ပိုမိုဈေးတက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင်  အင်တာနက်လိုင်းများမှာလည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ (၃) ရက်မကစ၍ ဖြတ်တောက်ထားသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...