ကျောက်တော်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားလေးဦးဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားလေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် ကျောင်းသား(၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

မျောက်တောင်ရွာသည် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် တင်းမကျေးရွာအနီးတွင် တည်ရှိသည်။ ယင်းရွာက ကျောင်းသားများသည် ရွာအနီးမြစ်ကမ်းပါးတွင် ဘောလုံးကစားနေကြစဉ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် မောင်ဦးသန်းကျော် (၁၈ နှစ်)မှာ ရင်ဘက်တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး မောင်ကိုကိုဟိန်း (၁၈ နှစ်)တွင် ဘယ်ဖက်လက်မောင်းပြတ်ထွက်သွားသည်။ မောင်ပိုင်စိုး (၁၆ နှစ်)တွင် ပါးနှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားပြီး မောင်ဝေယံစိုး (၈ နှစ်)တွင် ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်။

“သူတို့ကိုမြင်လိုက်တော့ ကျနော့်စိတ်ထဲမှာ ဝမ်းနည်းတယ်။ မိန်းမ၊ယောကျ်ားအကုန်လုံးလည်းငိုကြတယ်။ အခုပြောနေတာတောင်ဝမ်းနည်းတယ်။ မိဘတွေဆိုရင် သတိမေ့သွားကြတယ်” ဟု အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုသူတစ်ဦးက DMG သို့ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားပြီး မောင်ဦးသန်းကျော်မှာ ဒဏ်ရာပြင်းထန်သောကြောင့် စိုးရိမ်ရသည့်အခြေအနေဟု ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တင်းမရွာအနီးရှိ မိမိတပ်ဖွဲ့ဝင်များရှိသည့် တောင်ကုန်းကို တပ်မတော်က ရဟတ်ယာဉ် (၂)စီးဖြင့် ရော့ကတ်များ၊ စက်သေနတ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ ယနေ့အထိလည်း တိုက်ပွဲဖြစ်ပွားနေဆဲဟု ဒေသခံများထံက သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...