နည်းပညာတက္ကသိုလ်ကျောင်းသား သေဆုံးမှု တက္ကသိုလ်ပေါင်းစုံ ကျောင်းသား သုံးထောင်ကျော် ဆန္ဒပြ

နည်းပညာတက္ကသိုလ်ကျောင်းသား သေဆုံးမှု တက္ကသိုလ်ပေါင်းစုံ ကျောင်းသား သုံးထောင်ကျော် ဆန္ဒပြ

လားနွန် – ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ကလေးမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများကို အရေးယူရန် ကလေးမြို့တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဥ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက် ညက ဆိုင်ကယ် မတော်တဆဖြစ်ပွားကာ ကလေးမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ရောက်ရှိခဲ့သော်လည်း တာဝန်ခံမည့် လူနာရှင် မရှိသည့်အတွက်ကြောင့်ဟုဆိုကာ ဆေးရုံတာဝန်ရှိသူများက  ဆေးကုသမှု ချက်ခြင်း မပြုလုပ်ဘဲ (၉)နာရီကျော်ကြာ ပစ်ထားသည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ဟု ကျောင်းသားများက ပြောသည်။

ယင်းကိစ္စအပေါ်  နိုင်ငံတော်အစိုးရအနေဖြင့် ဆေးရုံတာဝန်ရှိသူများကို ပွင့်လင်းမြင်သာစွာ အရေးယူပေးရန် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် Mara Student Association ခေါင်းဆောင် ဝါဘိတ်လှိုင်မှို (ခ) ဝေနိုင်ဦးက“ အရေးပေါ်လူနာကို အချိန် ၉ နာရီကျော်ကြာ လျစ်လျူရှုထားတဲ့ ကလေးမြို့ အထွေထွေဆေးရုံကြီး တာဝန်ရှိ ဆေးရုံအုပ်ကြီး၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ ဆရာမများနဲ့ သူနာပြုဆရာများကို ဆေးဘက်ဆိုင်ရာဥပဒေပုဒ်မ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ တို့အရ ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်၊ ငါးရက်အတွင်း တောင်းဆိုချက်အတိုင်း နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ဝန်ကြီးဌာနမှ အရေးယူပေးခြင်းမရှိပါက မိမိတို့အနေနဲ့ လိုအပ်သလို ပြတ်သားစွာ တုံ့ပြန်မည် ဖြစ်တယ်”ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများသည် ကလေးမြို့ ဆိပ်ကမ်းသားလမ်းမှ ပင်လုံလမ်းနှင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ကာ ကလေးမြို့ပြည်သူ့ဆေးရုံရှေ့တွင် ကျောင်းသားခေါင်းဆောင်များက ဟောပြောခဲ့ကြပြီး ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကို မေတ္တာရှေ့ထား စောင့်ရှောက်ကုသမှု အပြည့်အဝ ရရှိရေး၊ အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူပေး၊ ပြည်သူ့ဆေးရုံများတွင် အရေးပေါ် အသက်ကယ်ဘတ်ဂျက် လုံလောက်စွာ ထားရှိရေးနှင့် ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏အနည်းဆုံး (၁၀%)ရာခိုင်နှုန်း အထိတိုးမြှင့်ရေး စသည့်အချက်များကိုလည်း တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်လာသည့် ကလေးမြို့ငြိမ်းချမ်းရေးကွန်ရက် (Kalay Peace Network) မှ ဦးမျိုးဇော်က “ကျနော်တို့ ဒီဆေးရုံက ဒီလိုလျစ်လျူရှုခံထားတယ်ဆိုတာ ဒီကျောင်းသားလေးတစ်ယောက်တည်းလည်းမဟုတ်ဘူး။ ကျနော်တို့ အရင်တုန်းကတည်းက နာရေးကူညီမှုအသင်း လုပ်ခဲ့တယ်၊ ရှိခဲ့တယ် ဆိုတော့ ဆေးရုံရဲ့အားနည်းချက်တွေကို ကျနော်တို့ ပြောပြောနေရတာ ကြာပြီ”ဟု ပြောသည်။

သေဆုံးသူ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် တီးတိန်မြို့နေထိုင်သူဖြစ်ပြီး ဇိုမီးကျောင်းသားများအသင်း ဥက္ကဋ္ဌတာဝန်ကိုလည်း ၂၀၁၈ – ၂၀၁၉ ခုနှစ်ထိ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...