လားနွန် – ချင်းပြည်နယ် မတူပီမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် (၄) နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ခံရသည့် ချင်းလူငယ်( ၆) ဦး၏ အမှုကို ပြည်နယ်တရားရုံးက ပြစ်ဒဏ် လျှော့ပေါ့လိုက်ပြီး လာမည့် မတ်လကုန်ပိုင်းတွင် လွတ်မြောက်မည်ဟု သိရသည်။
၎င်းတို့ကို ယမန်နှစ်၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့က မတူပီမြို့နယ် တရားရုံးက ထောင်ဒဏ် (၄) နှစ်ခွဲစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့သော်လည်း ပလပ်ခံလိုက်ရပြီး ပြည်နယ်တရားရုံးသို့ ထပ်မံအယူခံတင်ပြီးနောက် ထောင်ဒဏ် (၄) နှစ်ခွဲမှ (၁) နှစ်နှင့် (၂) လသာ ကျခံစေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းအမှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်က ပြောသည်။
“တရားစီရင်ရေးမူထဲမှာ လွတ်လပ်စွာ တရားစီရင်ခြင်းဆိုတာ ပါတယ်။ နံပါတ်နှစ်က လူငယ်တွေကို အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ပြီးတော့ ပြစ်ဒဏ်ကိုချမှတ်ရမယ်ဆိုတာမျိုးကပါတယ်။ အဲဒီအချက်နှစ်ချက်ကိုထောက်ပြပြီးတော့ ပြစ်မှုကျူးလွန်တယ်လို့ တရားစွဲခံရတဲ့ ထောင်ချခံရတဲ့လူတွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်တယ်၊ ဒါကြောင့် ဒါဟာလူငယ်တွေဖြစ်တယ်၊ နောက်ပထမအကြိမ်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်တယ်၊ ကလေးတွေကို အကျင့်စာရိတ္တပြုပြင်တဲ့အနေနဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပြီးတော့ သတ်မှတ်သင့်တယ်၊ ဒါမှ ကလေးတွေဟာ နောင်တ တရားတွေရပြီး လူကောင်းဖြစ်လာမယ်။ ကြီးလေးသောပြစ်ဒဏ်ချမှတ်တာ သူတို့ကို ကလဲ့စားချေတဲ့ ပုံစံရောက်နေတယ်။ ပိုပြီးတော့ သူတို့ကို ရေနစ်ရာ ရောက်စေနိုင်တယ်ဆိုပြီး လျောက်လဲချက်ပေးတာပေါ့။ အဲဒါကို တရားရုံးတော် လက်ခံတဲ့အတွက်ကြောင့် အခု ချုပ်ရက်ကို ခံစားခွင့်ပြုရက်နဲ့ဆိုရင် လာမယ့် မတ်လကုန်လောက်ဆိုရင် ကလေးတွေက ပခုက္ကူအကျဉ်းထောင်ကနေ အကုန် လွတ်တော့မှာ ဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်က ပြောသည်။
တရားရုံးတော်က လျှောက်လဲချက်လက်ခံခြင်းကြောင့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆(၁) အရ မူလချမှတ်သည့် ၃ နှစ်ကို ၁ နှစ်အဖြစ်လည်းကောင်း၊ အကျိုးပျက်စီးမှုနှင့် မူလချမှတ်သည့် ၁ နှစ်ကို ၁ လအဖြစ်လည်းကောင်း၊ နာကျင်စေမှုဖြင့် မူလချမှတ်သည့် ၆ လကို ၁ လအဖြစ်ပြင်ဆင် လျှော့ချလိုက်ပြီး စုစုပေါင်း ၁ နှစ်နှင့် ၂ လသာကျန်ရှိပြီး ချုပ်ရက် ခံစားခွင့်ပြုခြင်းကြောင့် မတ်လကုန် ထွက်ရှိနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။
မတူပီချင်းလူငယ်အဖွဲ့မှ ကိုထန်းကီးက “ကျနော်တို့တကယ် အရမ်းဝမ်းသာပါတယ်၊ ကျနော်တို့ ဒီအမှုကိုအတတ် နိုင်ဆုံး သူတို့လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ပြည်နယ်အဆင့်တွေမှာလိုက် ပေးတဲ့ ဦးငိုင်ဆာခ့်နဲ့ အဖက်ဖက်ကနေလှုပ်ရှားပေးတဲ့သူတွေအားလုံးကိုလည်း ကျနော်တို့ CYO အနေနဲ့ ကျေးဇူးတင်ပါတယ်’’ ဟု ပြောသည်။
မတူပီမြို့ ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားတွင် ယမန်နှစ်က ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့သည့်အတွက် ယခုနှစ်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့ကို နေ့ခင်းပိုင်းတွင်သာကျင်းပပြီး ညပိုင်းတွင် ကျင်းပတော့မည် မဟုတ်ကြောင်းသိရသည်။







