ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများတွင် မသန်စွမ်းသူများကိုလည်း ခန့်အပ်တာဝန်ပေးမည်ဟု ဆို

ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများတွင် မသန်စွမ်းသူများကိုလည်း ခန့်အပ်တာဝန်ပေးမည်ဟု ဆို

By လားနွန် – ယခုနှစ် ၂၀၂၀ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မသန်စွမ်းသူများ မဲပေးနိုင်ရေး အဆင်ပြေစေရန်အတွက် မဲရုံဝန်ထမ်းများတွင် မသန်စွမ်းသူများကိုလည်း ခန့်အပ်သွားရန် စီစဉ်ထားကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။

“အဓိကကတော့ တကယ်လို့ မဲရုံမှာသာ သူတို့ဝန်ထမ်းအဆင့် တာဝန်ထမ်းဆောင်မယ်ဆိုရင်  မသန်စွမ်းတွေလည်း မဲရုံကို ပို လာချင်တော့မှာပေါ့၊ ကိုယ့်မသန်စွမ်းတောင်မှ မဲရုံမှာ တာဝန်ထမ်းဆောင်တာ ငါတို့လည်း မဲရုံမှာတော့ မဲသွားပေးရမယ်၊ အဲဒီလို သွားပေးတာတော့ ဘာမှ ပြဿနာ မရှိလောက်တော့ဘူး၊ သူတို့အတွက် ပို အားရှိသွားမှာပေါ့။ လက်ရှိကတော့ ဘာကြောင့် မဲပေးသင့်သလဲတို့၊ မသန်စွမ်းမဲဆန္ဒရှင်အဖြစ် ပါဝင်သင့်တဲ့ အကြောင်းတွေ ဆွေးနွေးထားတယ်၊ နီးလာရင်တော့ ထပ်ပြီးတော့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးမှုတွေ လုပ်ပြီးပြီဆိုတော့ အဲဒါတွေ မဖြစ်မနေ လုပ်ရမယ်၊ သူတို့ပါဝင်လာရင် ကောင်းမယ်ဆိုပြီးတော့ တာဝန်ပေးတာတော့ ပိုကောင်းတာပေါ့” ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးရန်နှင့် ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်ရန်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မသန်စွမ်းသူများ အခြေခံမဲစာရင်းကောက်ရာတွင် မသန်စွမ်း (၄) မျိုးထဲမှ အမျိုးအစားအလိုက် ထင်ထင်ရှားရှား ထည့်သွင်းရေးထားပြီး မဲရုံများတွင်လည်း သွားလာရ လွယ်ကူစေရန် ပြင်ဆင်မှုများ ပြုလုပ်ထားမည်ဖြစ်ကာ ချင်းပြည်နယ်တစ်ဝန်းလုံးတွင် မသန်စွမ်းသူများကို ဝန်ထမ်းအဆင့် တာဝန်ထမ်းဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း အတွင်းရေးမှူး ဦးလင်းကျော်က ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ကလေးမြို့အခြေစိုက် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ဒါရိုက်တာ ကိုယောရှုက “ဝန်ထမ်းအနေနဲ့ အသုံးပြုမှာကိုတော့ ကြိုဆိုပါတယ်၊ အရမ်းကောင်းတယ်၊ သူတို့ဝန်ထမ်းပဲခန့်လို့ရှိရင် ကြီးကြပ်တဲ့အပိုင်းမှာဆိုရင်တော့ မသန်စွမ်းသူတွေမဲပေးနိုင်ဖို့ အဆင်ပြေမှု ရှိချင်မှရှိမယ်၊ သူတို့ခန့်ထားတဲ့ မသန်စွမ်းသူပဲ သူတို့အသုံးပြုဖို့ဆိုရင်တော့ လုံလောက်မှာမဟုတ်ဘူး၊ အပြင်က ဝန်ထမ်းမဟုတ်တဲ့ မသန်စွမ်းသူတွေ၊ အဖွဲ့အစည်းတွေရော မသန်စွမ်းမှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေ သူတို့နဲ့ ဆွေးနွေးညှိုနှိုင်းဖို့ရန်အတွက်လည်း ပိုပြီးတော့လိုအပ်မယ်၊ ကျွမ်းကျင်တဲ့သူတွေနဲ့ အဲလိုမျိုး ဆွေးနွေးညှိနှိုင်းလို့ရှိရင်တော့ ပိုပိုပြီးတော့ သူတို့လုပ်ဆောင်တဲ့အရာတွေကို မသန်စွမ်းအားလုံးအတွက်ခြုံငုံတဲ့ အရာဖြစ်လာမယ်” ဟု ပြောသည်။

မသန်စွမ်းသူများမဲပေးနိုင်ရေး မြှင့်တင်နိုင်စေရန်နှင့် ပါဝင်လာနိုင်စေရန် ချင်းပြည်နယ် မြို့နယ် (၅) မြို့နယ်၌ မသန်စွမ်းသူများနှင့်တွေ့ဆုံပြီး ပညာပေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယခင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မဲရုံတွင် မသန်စွမ်းသူများ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

မသန်စွမ်းသူများအတွက် မဲစာရင်းပေးရာတွင် ပိုမိုလွယ်ကူစေရန် ကွန်ပြူတာစနစ်ဖြင့် လုပ်ဆောင်ထားပြီး (1*, 2*, 3*, 4*) ဆိုပြီးပေးထားကာ (1*) ဆိုပါက ခန္ဓာကိုယ်၊ (2*) အမြင်၊ (3*) အကြား၊ (4*) ဉာဏ်ရည်စသည်ဖြင့် စာရင်းများပြုလုပ်ပေးထားမည်ဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးစာရင်းအရ ဟားခါးမြို့နယ်တွင် မသန်စွမ်း စုစုပေါင်း (၃၉၄)ဦး၊ ထန်တလန်မြို့နယ်တွင် (၂၅၀) ဦး၊ ဖလမ်းမြို့နယ်တွင် (၁၆၅)ဦး၊ တီးတိန်မြို့နယ်တွင် (၆၆၂)ဦး၊ တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၂၄၅)ဦး၊ မင်းတပ်မြို့နယ်တွင် (၁၆၅)ဦး၊ ကန်ပက်လက်မြို့နယ်တွင် (၁၂)ဦး၊ မတူပီမြို့နယ်တွင် (၂၄၃)ဦး၊ ပလက်ဝမြို့နယ်တွင် (၇၃၇)ဦး၊ စုစုပေါင်း (၂၈၇၃) ဦးရှိသည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...