ရသေ့တောင်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီး (၄)ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီး (၄)ဦးဒဏ်ရာရ

ဝင်းညွန့် ၊ မြတ်ဆွေ  — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာနှင့် ဆောက်ခတ်ကျေးရွာများသို့ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၆ နာရီကျော်ခန့်က လက်နက်ကြီးကျည်များ ကျရောက်သဖြင့် အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရေဘုတ်ကျေးရွာမှ အသက် (၄၇)နှစ်အရွယ် ဒေါ်ယဉ်ကျော့နုမှာ ညာဘက်ခြေတွင် ဒဏ်ရာရရှိသွားပြီး အသက်(၁၈)နှစ်အရွယ် မပိုးဖြူသိန်း(ခ)စိုးတင်မာတွင် ပေါင်တွင် ဒဏ်ရာရရှိသွားသည်။

ဒဏ်ရာရရှိသူများအနက် ဒေါ်ယဉ်ကျော့နုမှာ ညာဖက်ခြေသလုံး အရိုးနှစ်ချောင်းကျိုးသွားသောကြောင့် စိုးရိမ်ရသည်ဟု အစ်မဖြစ်သူ ဒေါ်ဦးမစိန်က DMG သို့ပြောသည်။

“ သူတို့နှစ်ယောက်က လက်နက်ကြီးအသံကြားတော့ အိမ်ထဲမှာဝပ်နေကြတယ်။ အဲဒီမှာ လက်နက်ကြီးတစ်လုံးလာကျတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ဆောက်ခတ်ကျေးရွာမှ အသက် (၇၀)နှစ်အရွယ် ဒေါ်မဘုံကြီးလည်း လက်နက်ကြီးကျည်ဆန်ထိမှန်သွားပြီး အသက် (၂၈)နှစ်အရွယ် ဒေါ်ဆန်းခင်ချေမှာလည်း မျက်လုံးတွင် ကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်။

“သူ(ဆန်းခင်ချေ)ပြောတာကတော့ မျက်လုံးနားကို မီးခဲတုံးလို ဝုန်းခနဲလာသွားတယ်လို့ ကျနော့်ကိုပြောတယ်။ ဒါပေမဲ့ ညက မျက်စိကြင်တယ်။ နာတယ်လို့အော်နေတယ်။ ဒါကြောင့် ကျနော် ရသေ့တောင်ဆေးရုံသို့ ပို့ဖို့လုပ်နေတယ်” ဟု ၎င်း၏ အမျိုးသားဖြစ်သူ ဦးစိုးလှိုင်က ပြောသည်။

ယင်းဖြစ်စဉ်နှစ်ခုစလုံးမှာ ကျေးရွာအနီးရှိ ထီးစွဲကျေးရွာချောင်းဝတွင် ရှိနေသည့် တပ်မတော် ရေယာဉ်(နေဗီ)မှ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု မိသားစုဝင်များက ပြောကြသည်။

“ ဒဏ်ရာရတာကတော့ မြန်မာ့တပ်မတော်စစ်ကြောင်းက နေဗီနဲ့ အထက်ကို တောက်လျှောက်ပစ်ပြီး တက်လာတယ်။  အဲဒီမှာ ကျနော့်အမေက ဗုံးခိုကျင်းထဲကိုဆင်းပြေးတာ။ ဆင်းပြေးတော့ အဲဒီနားမှာ လက်နက်ကြီးတစ်လုံးပေါက်ကွဲတော့ ကျနော့််အမေရဲ့ ညာဖက်ပုခုံးကို လာစဉ်ကျတယ်” ဟု ဒေါ်မဘုံကြီး၏သား ကိုကျော်နိုင်က ပြောသည်။

မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က (၅)ကြိမ်ခန့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရွာသားအချို့နှင့် မိသားစုဝင်အချို့ကို DMG ကဆက်သွယ်ရာတွင် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု ဆိုကြသည်။ AA ကိုဆက်သွယ်ခဲ့ရာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။  

ညပိုင်းအတွင်း ပစ်ခတ်မှုများရှိခဲ့သောကြောင့် ဆောက်ခတ်၊ ရေဘုတ်၊ ရေမျက်ချောင်းနှင့် ထီးစွဲကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

ရသေ့တောင်မြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်(၉)မြို့နယ်အနက် တစ်မြို့နယ်အပါအဝင်ဖြစ်သည်။ မြို့နယ်အတွင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရပြီးနောက်ပိုင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုလည်း များလာသည်ဟု ဒေသခံများကပြောသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...