By လားနွန် – ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ ရာလ်မှုန်း ဘောလုံးကွင်းတည်နေရာတွင် Shopping Mall (စျေးကုန်တိုက်) တည်ဆောက်မည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီမံကိန်းကို မြို့သစ်ရပ်ကွက် လူငယ်များက ဆန့်ကျင်ကန့်ကွက်ကြသည်။
ချင်းလူငယ်အဖွဲ့ (ဟားခါး) ဥက္ကဋ္ဌ ဆလိုင်းဗန်ကျင်ထန်းက “ဘောလုံးကွင်းမှာ တည်ဆောက်ရမယ့် စီမံကိန်း ဖြစ်တဲ့အခါကျတော့ လူငယ်တွေက အဓိက ကန့်ကွက်တာပေါ့၊ ဘောလုံးကွင်း မဟုတ်ဘဲနဲ့ တခြားနေရာမှာ ဆောက်လို့ရှိရင် ပိုသင့်တော်တာပေါ့ ။ ဟားခါးမြို့မှာ မြေကွက်က အများကြီး ရှိပါတယ်။ စီမံကိန်းချတဲ့ မြေဧက ၁၀၀ ဧက ၆၀၀ လည်း ရှိတယ်။ သူတို့ စီမံကိန်းချတဲ့ မြေနေရာ အများကြီး ရှိပါတယ်။ ဒီလိုရှိရဲ့သားနဲ့ ဘောလုံးကွင်းပေါ်မှာ တည်ဆောက်ရမယ်ဆိုတာကတော့ လက်တွေ့ မကျဘူး။ ဒါကြောင့် လူငယ်တွေက ကန့်ကွက်တာပါ’’ ဟု ပြောသည်။
ဟားခါးမြို့သစ်လူငယ်များအနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ Shopping Mall တည်ဆောက်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်နေခြင်းမဟုတ်ဘဲ လူငယ်များ ကစားရာနေရာ ဘောလုံးကွင်းတွင် တည်ဆောက်မည့် ကိစ္စကိုသာ ကန့်ကွက်ခြင်းဖြစ်ပြီး အခြားသော မြေနေရာတွင် တည်ဆောက်ပေးစေလိုကြခြင်း ဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ မကြာသေးမီ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးအပါအဝင် သက်ဆိုင်ရာအကြီးအကဲများနှင့် မြို့သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ရလဒ် တစ်စုံတစ်ရာ မထွက်ပေါ်ခဲ့ဘဲ နောက်ထပ် ညှိနှိုင်းမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
“ကျနော်တို့ လူငယ်နဲ့ အဲဒီ မြို့မိမြို့ဖ အဖွဲ့တွေ အားလုံး တိုင်ပင်ဖို့၊ အစည်းအဝေးလုပ်ဖို့ ဆွေးနွေးထားတာ။ အဲဒါဆိုတော့ ကျနော်တို့ ဒီလကုန်ခါနီးမှ ကျနော်တို့က သူတို့နဲ့ ပြန်တွေ့မယ်"ဟု ၎င်းက ပြောသည်။
တွေ့ဆုံညှိနှိုင်းမှုကို နောက်တစ်ကြိမ် ပြုလုပ်ဦးမည်ဖြစ်ပြီး ညှိနှိုင်း အဆင်ပြေပါက ဆောက်လုပ်မည် ဖြစ်ကြောင်း၊ အဆင်မပြေလျှင်မူ မဆောက်လုပ်တော့ကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။
ဆက်လက်၍ ၎င်းက "ကျနော်တို့ ဘောလုံးကွင်း အစားထိုး လုပ်ပေးမယ်လို့ ကျနော်တို့ လျာထားပြီးသား။ အဲဒါလည်း ကျနော်တို့ ရှင်းပြပြီးပြီ၊ ဒီ ဘောလုံးကွင်း တစ်ကွင်း ပျောက်သွားစရာလည်း မရှိဘူး၊ နေရာကတော့ Shopping Mall ဖြစ်တဲ့အတွက် ဒီလမ်းမကြီးပေါ်မှ အဆင်ပြေမှာလေ။ Shopping Mall ကို ချောင်ကြိုချောင်ကြားမှာ သွားဆောက်လို့ မရဘူးလေ” ဟု ပြောသည်။
အဆိုပါ Shopping Mall ကို ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်မည်မဟုတ်ဘဲ Developer/နယ်မြေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ သို့မဟုတ် ကုမ္ပဏီမှ ဘတ်ဂျက် ၂၈ ဘီလီယံ အကုန်ကျခံမည့် စီမံကိန်းဖြစ်ကာ မိမိတို့ဘက်မှ ကြိုဆိုသင့်ကြောင်း ဝန်ကြီးက ဆက်လက် ပြောသည်။
Shopping Mall ဆောက်လုပ်ရန် လျာထားသည့် နေရာသည် ဟားခါးမှ ဖလမ်း၊ ထန်တလန်ဖက်သို့ သွားသည့် နေရာတွင် ရှိသည့် ရာလ်မှုန်း အားကစားကွင်း ဧရိယာ ဖြစ်သည်။







