By လားနွန် – မကြာတော့မီ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် အခမ်းအနားကို မတူပီမြို့တွင် နေ့ခင်းမှာသာ ကျင်းပမည်ဖြစ်ပြီး ညပိုင်းဖျော်ဖြေရေးအစီအစဉ်များ ပါဝင်တော့မည် မဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ချင်းအမျိုးသားနေ့ ကျင်းပခဲ့စဉ်က ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွင် မတူပီ လူငယ်တစ်စုနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် မတူပီလူငယ် (၆) ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ယမန်နှစ်က အဆိုပါခိုက်ရန်ဖြစ်ပွားမှုကြောင့် ပွဲလည်း ဖျက်သိမ်းခဲ့ကြရသည်။ ထို့ကြောင့် ယခုနှစ်တွင် နိုင်ငံကျော်အဆိုတော်များလည်း မခေါ်တော့ဘဲ နေ့ခင်းဘက်တွင်သာ ရိုးရာယဉ်ကျေးမှုအကများဖြင့် ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။
“ညပိုင်းမှာတော့ မနှစ်တုန်းက ပြဿနာ တက်တယ်လေ။ အခုက ကလေးတွေလည်း ပခုက္ကူထောင်မှာ၊ ခြောက်ယောက်က (၄) နှစ် ထောင်ချတယ်။ အဲဒါကြောင့် နေ့ခင်းပိုင်းမှာ အထိမ်းအမှတ်လောက်ပဲ လုပ်မယ်။ ညပိုင်းတော့ မလုပ်တော့ဘူး၊ ဒါပေမဲ့ နောက်နောင်မှာ စည်စည်ကားကားနဲ့ ပြန်လုပ်လို့ ရပါတယ်၊ ဒါပေမဲ့ ပြင်းတော့ ပြင်းထန်လွန်းတယ်၊ ကလေးတွေ ထောင်ချတဲ့ကိစ္စပေါ့နော်” ဟု မတူပီမြို့ ငလားရပ်ကွက်အုပ်ချူပ်ရေးမှူး ကိုစလောင်းက ပြောသည်။
ယင်းဖြစ်ရပ်များကြောင့် ယခုနှစ် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ မတူပီမြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ယခုနှစ် ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များကို မကျင်းပတော့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ကိုစလောင်းကပြောသည်။
မတူပီချင်းလူငယ်အဖွဲ့ ဥပဒေနှင့် ပြန်ကြားရေးတာဝန်ခံ ကိုထန်းကီးက “သူတို့လူကြီးတွေက ပြင်ဆင်တဲ့ဟာတွေ ကျနော်တို့လူငယ်တွေက အရမ်းကြီး ငြင်းခုံသွားလုပ်ရင်လည်း ဖြစ်လာတဲ့ ပြဿနာအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှ ကိုယ်ကသွားငြင်းလို့ရမှာကိုး၊ အဲဆိုတော့ ကျနော်တို့ အငြင်းအခုန်တော့မလုပ်ဘူး၊ ချင်းအမျိုးသားနေ့ ညဘက် မကျင်းပတာတော့ ကျနော်တို့ အားမရဘူး၊ မတူပီရဲ့အခြေအနေကလည်း ဌာနဆိုင်ရာက ပြည်သူကို အရမ်း အနိုင်ယူလွန်းတဲ့ ပုံစံ သက်ရောက်တယ်။ အဲခါကျတော့ ကျနော်တို့ ဒီလိုမျိုးမကျင်းပနိုင်တာလည်း ဌာနဆိုင်ရာတွေ ကိုယ်တိုင်ကလည်း၊ အထူးသဖြင့် ရဲတပ်ဖွဲ့က နောင်အနာဂတ်မှာ ပြည်သူလူထုအပေါ်မှာ ဘယ်လိုမျိုး စေတနာထားသင့်သလဲဆိုတဲ့ အမြင်တွေလည်း နည်းနည်းလေး ပွင့်လာမယ်လို့ ကျနော် ယူဆတယ်” ဟု ပြောသည်။
နှစ်စဉ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကျရောက်တိုင်း ချင်းပြည်နယ်မြို့နယ်အသီးသီးတွင် ချင်းအမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ညပိုင်းအစီအစဉ်များတွင် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှု၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဆင်နွှဲလေ့ ရှိကြသည်။ ယခုနှစ် မတူပီမြို့တွင် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်နေ့ နှစ်ရက် ကျင်းပမည်ဖြစ်ပြီး အားကစားမျိုးစုံ၊ စာပေပြိုင်ပွဲ၊ မျိုးနွယ်အလိုက် ရိုးရာယဉ်ကျေးမှုအကများနှင့် အခြားပြပွဲများလည်း ပါဝင်မည်ဟု သိရသည်။







