Salai Benezar - ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်အစိုးရက လွှတ်တော်တွင် တင်ပြခဲ့သော်လည်း မျှတမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ကန့်ကွက်ခဲ့ကြသဖြင့် ပြန်လည် ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် ယင်းသို့ ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မနေ့(ဖေဖော်ဝါရီ ၄ ရက်နေ့)က အဲဒီကိစ္စကို ပြန်ဆွေးနွေးခဲ့ကြပါတယ်၊ မြို့နယ်အလိုက် ဘတ်ဂျက် မျှအောင်ဆိုပြီးတော့ လမ်းတို့ ဘာတို့ တူးတဲ့ကိစ္စတွေမှာ များတဲ့ မြို့နယ်ကနေ နည်းတဲ့ မြို့နယ်ဘက်ကို မျှအောင်လုပ်ပေးတာတချို့ရှိတယ်၊ အဲဒါလေးတွေညှိတာကို မနေ့ကအဆင်ပြေသွားပြီ၊ လွှတ်တော်မှာ အတည်ပြုပြီးတော့ ပြည်ထောင်စုကို တင်သွားမှာပါ”ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။
ဖြည့်စွက်ဘတ်ဂျက်တင်ပြရာတွင် ချင်းတစ်ပြည်နယ်လုံးအတွက် ကျပ်သန်း ၁ဝဝဝကျော်တင်ပြထားသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ညှိနှိုင်းပြီးမှသာ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
မတူပီ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက“ကျေးလက်ဌာန၊ နတလ နှင့် လမ်းဦးစီးဌာနက ဘတ်ဂျက်အချို့ကို တချို့မြို့နယ်တွေက များတဲ့အတွက် အတိုးအလျှော့ပြန်လုပ်တာပေါ့၊ အဆင်ပြေသွားပါတယ်၊ ဥပမာ ကန်ပက်လက်နဲ့ ပလက်ဝမှာ နည်းတဲ့ဟာကို နည်းနည်းမျှတယ်၊ တွန်းဇံကိုလည်း မျှတယ်”ဟု ပြောသည်။
၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်၏ ခွဲတမ်းရရှိမှုကို ပြည်ထောင်စုအစိုးရက ဒီဇင်ဘာလ ပထမပတ်တွင် ကြေညာခဲ့ပြီး ချင်းပြည်နယ်အစိုးရက ဒီဇင်ဘာလ ၁၂ရက်တွင် သက်ဆိုင်ရာဌာနများအနေဖြင့် ဘတ်ဂျက်ရေးဆွဲရန်နှင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် နောက်ဆုံးပေးပို့ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် မျှတမှုမရှိကြောင်း ယခင်နှစ်တွင်လည်း လွှတ်တော်အမတ်အချို့က ဝေဖန်မှုများရှိခဲ့ပြီး နောက်ပိုင်း ဘတ်ဂျက်ရေးဆွဲရာတွင် မျှမျှတတဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ဖူးကြောင်း သိရသည်။







