မောင်တောမြို့နယ်တွင် ငါးရှာထွက်ခွင့် ပိတ်ပင်ထားသောကြောင့် ငါးဖမ်းသမားများအခက်တွေ့

မောင်တောမြို့နယ်တွင် ငါးရှာထွက်ခွင့် ပိတ်ပင်ထားသောကြောင့် ငါးဖမ်းသမားများအခက်တွေ့
တားမြစ်ထားစဉ် ငါးရှာဖမ်းနေလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှမ်းပစ်ခတ်မှုများရှိကြောင်း သိရသည်။
တားမြစ်ထားစဉ် ငါးရှာဖမ်းနေလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှမ်းပစ်ခတ်မှုများရှိကြောင်း သိရသည်။

ဝံသ(မောင်တော) — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာတွင် ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဇွန်လကစတင်ကာ အာဏာပိုင်များမှ လုံခြုံရေးအကြောင်းပြကာ ငါးဖမ်းခွင့် ပိတ်ပင်လိုက်သည့်အတွက် ဒေသခံငါးဖမ်းသမားများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကိုင်းကြီးဒေသခံများမှာ ကျေးရွာအနီး တုံးချောင်းဝ ပင်လယ်ပြင်တွင် ငါးဖမ်းကာ အသက်မွေးဝမ်းကျောင်း ပြုနေကြရခြင်း ဖြစ်သော်လည်း တုံးချောင်းဝအနီးရှိ နယ်ခြားစောင့်စခန်းမှ ငါးဖမ်းခွင့်ပိတ်လိုက်သောကြောင့် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံ ဦးအောင်လှစိန်က ပြောသည်။

“ကျနော်တို့ကို ငါးရှာမထွက်ရပါ။ ဟိုစစ်ဆေးရေးဂိတ်ကနေပြီးတော့ ကျနော်တို့ကိုဟန့်တားပါတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ တားမြစ်ထားသည့်အတွက် ငါးရှာဖမ်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှမ်းပစ်ခတ်မှုများရှိကြောင်း ရွာသားတစ်ဦးကပြောသည်။

“အနီးကပ်ရင်လည်း သေနတ်တွေနဲ့လှမ်းပြီးတော့ ပစ်တယ်။ စခန်းအနားကိုမလာနဲ့ ပြောတယ်။ ခွင့်ပြုချက်လည်း ဘယ်ကသွားယူရမလဲမသိလို့ ငါးလုပ်ငန်းဦးစီးကိုတော့ စာတင်ထားတယ်” ဟု ဒေသခံ ကိုသိန်းဝင်းကဆိုသည်။

လက်ရှိတွင် စခန်းမှပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရရရှိသူ မရှိသော်လည်း ယခင်က စခန်းမှပစ်ခတ်မှုကြောင့် ဒေသခံ တံငါသည်တစ်ဦး ပေါင်တွင် ဒဏ်ရာရရှိဖူးကြောင့် ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကိုင်းကြီးကျေးရွာမှ တံငါလှေ ၁၀ စီးနှင့် ရေလုပ်သား ၁၈ ဦးကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းခွင့်ပြုထားသော်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ရမှသာ ငါးဖမ်းခွင့်ရရှိသောကြောင့် ငါးဖမ်းခွင့် ခွင့်ပြုချက်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

လုံခြုံရေးအရ တစ်ခါတစ်ရံ တားဆီးမှုများ ရှိကောင်းရှိနိုင်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြလာပါက ခွင့်ပြုပေးသွားမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...