မိန့်ခွန်းပြောကြားခွင့်မပြု၍ (၇၂) နှစ်မြောက်ချင်းအမျိူးသားနေ့အခမ်းအနား မတက်ရောက်ဘူးဟု CNF ပြော

မိန့်ခွန်းပြောကြားခွင့်မပြု၍ (၇၂) နှစ်မြောက်ချင်းအမျိူးသားနေ့အခမ်းအနား မတက်ရောက်ဘူးဟု CNF ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ကျင်းပပြုလုပ်မည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရက မိန့်ခွန်းပြောကြားခွင့်မပေးသည့်အတွက် ချင်းအမျိူးသားတပ်ဦး (CNF) တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ဖေဖော်ဝါရီလ (၁၉) မှ (၂၁) ရက်နေ့အထိ ထန်တလန်မြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါအမျိူးသားနေ့၌ မိန့်ခွန်းပြောကြားခွင့်ပေးပါရန် တောင်းဆိုခဲ့သော်လည်း ခွင့်မပြုသည့်အတွက် တက်ရောက်တော့မည်မဟုတ်ကြောင်း ချင်းအမျိူးသားတပ်ဦး (CNF) ၏ ထန်တလန်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ပူးရာလ်နှင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“ချင်းအမျိုးသားနေ့ကျင်းပတိုင်းမှာ CNF ကိုမိန့်ခွန်းပြောဖို့တောင်းဆိုတာမဟုတ်ဘူး ချင်းအမျိုးသားေ န့ကျင်းပတယ်ဆိုတာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တစ်ခုဖြစ်တယ် ဒီနေ့ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအတူတကွအလုပ်လုပ်နေတယ် ပူးပေါင်းနေတယ် ဆောင်ရွက်နေတယ်ဆိုတာ လူထုရှေ့မှာ ကျနော်တို့ဖော်ဖို့လိုတယ် အဲလိုငြိမ်းချမ်းရေးကြိုးပမ်းနေတဲ့ကာလမှာ ငြိမ်းချမ်းရေးမှာ အဓိကထောက်တိုင်တစ်ခုအနေနဲ့ပါဝင်တဲ့ CNF အဖွဲ့အစည်းကို ဒီလိုမျိုးအခါသမာယမျိူးမှာ  ဘေးဖယ်ထားတာတော့  ဒါငြိမ်းချမ်းရေးအတွက် ကောင်းတယ်လို့တော့ ကျနော်တို့မယူဆဘူး’’ ဟု ပူးရာလ်နှင်ကပြောသည်။

ချင်းအမျိူးသားနေ့ကျင်းပရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ချင်းပြည်နယ်အဆင့် ချင်းအမျိူးသားနေ့ကျင်းပရေးကော်မတီအစည်း အဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချူပ်က ချင်းအမျိူးသားနေ့အခမ်းအနားတွင် ဝန်ကြီးချူပ်၏ တစ်နှစ်တာလုပ်ငန်းအစီရင်ခံစာ၊ သဘာပတိမိန့်ခွန်း နှင့် အထူးဧည့်သည် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းသာပြောကြားရန် မူဝါရှိထားသည့်အတွက် CNF ကို မိန့်ခွန်းပေးပြော၍မရကြောင်းပြောဆိုခဲ့သည်ဟု ပူးရာလ်နှင်ကပြောသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်နယ်အဆင့်ကျင်းပသော ကော်မတီအစည်းအဝေးတွင်လည်း ထန်တလန်မြို့ ရပ်မိရပ်ဖများက ထပ်မံတင်ပြခဲ့သော်လည်း ဝန်ကြီးချူပ်က NRPC (အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) သို့တိုက်ရိုက်တင်ပြတောင်းဆိုကြရန်အကြံပြုခဲ့ပြီး ပြည်နယ်အစိုးရအနေဖြင့် ခွင့်ပြု၍မရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ပူးရာလ်နှင်ကဆက်ပြောသည်။

“ဒီလိုမျိုးချင်းအမျိုးသားနေ့အခမ်းအနားမှာ CNF ကိုမိန့်ခွန်းပြောဖို့ ဗဟိုအဆင့်ရဲ့ခွင့်ပြုချက်မလိုပါဘူး ဒါက ပြည်နယ်အစိုးရအတွက်လည်းလုံးဝသိက္ခာကျတယ် ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ မိန့်ခွန်းပြောဖို့ဆိုတာက တကယ့်အသေးမွှားကိစ္စပါ အဲလိုအသေးမွှားကိစ္စတောင်မှ ပြည်နယ်အစိုးရကမဆုံးဖြတ်ရဲဘူး မဆုံးဖြတ်ပေးနိုင်ဘူးဆိုမှတော့ ဒီအစိုးရကိုကျနော်တို့ ဘယ်လိုအားကိုးနိုင်မလဲ ယုံကြည်နိုင်မလဲ” ဟု ထန်တလန်မြို့ (CNF) ဆက်ဆံရေးရုံးတာဝန်ခံ ပူးရာလ်နှင်ကပြောသည်။

ယခင်စစ်အစိုးရခေတ်အဆက်ဆက်ကာလတုန်းက ချင်းအမျိူးသားနေ့ကို မြန်မာနိုင်ငံအတွင်း “အမျိူးသားနေ့” အဖြစ် တရားဝင်ကျင်းပခွင့်မပြုခဲ့ကြဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ပြည်နယ်နေ့’’ အဖြစ်သာ ကျင်းပခွင့်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် ယခုကဲ့သို့ တရားဝင်ပြန်လည်ကျင်းပလာနိုင် ရေးအတွက် အဓိကဦးဆောင်လှုပ်ရှားသူများထဲတွင် ချင်းအမျိူးသားတပ်ဦး(CNF)လည်း အဓိကအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရတက်လာသည့်နောက်ပိုင်း ၂၀၁၂ ခုနှစ် ချင်းအမျိူးသားတပ်ဦး (CNF) နှင့် အစိုးရအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချူပ်ချူပ်ဆိုခဲ့သည့်အချိန်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် တရားဝင်ပြန်လည်ကျင်းပခွင့်ပြုရန် သဘောတူညီခဲ့ကြပြီး ၂၀၁၃ ခုနှစ်ကစ၍ ချင်းအမျိူးသားနေ့ကို တရားဝင်ပြန်လည်ကျင်းပနိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ချင်းအမျိူးသားတပ်ဦး (CNF) အား မိန့်ခွန်းပြောကြားခွင့်မပြုသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်းတပ်ဖွဲ့တွေ ပြည်နယ်တော်တော်များများမှာရှိကြတယ် ကျနော်တို့ ချင်းမှာတော့ CNF တစ်ခုတည်းရှိတာပေါ့လေ တခြားပြည်နယ်တွေမှာတော့ အဖွဲ့တွေတော်တော်များများပဲရှိကြတယ် ကျနော်သိသလောက်ကတော့ သူတို့ကို ဒီလိုခွင့်ပြုလိုက်ရင် အခြားသောတိုင်းရင်းသားဒေသတွေမှာလည်း အားလုံးကလည်း လုပ်လာမယ်ဆိုရင်ဆိုတဲ့ အပေါ်မှာအခြေခံပြီးတော့ ဒါကတော့ အခမ်းအနားတော့ တက်ရောက်ခွင့်ပေးမယ် ခုလုပ်တာက ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်လုပ်တာဆိုတော့ နိုင်ငံတော်အကြီးအကဲတွေလည်းတက်တာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးကဲက လွဲပြီးတော့ ကျန်တဲ့လူတွေကို ပြောဖို့သိပ်အဆင်မပြေဘူး သူတို့ပြောချင်တဲ့ကိစ္စတွေရှိရင် သဝဏ်လွှာရေးလို့ရပါတယ်’’ ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဟားခါးတွင်ကျင်းပသည့် ချင်းအမျိူးသားနေ့နှင့် ၂၀၁၄ ခုနှစ် မင်းတပ်တွင် ကျင်းပသည့် ချင်းအမျိူးသားနေ့အခမ်းအနားများတွင် ချင်းအမျိူးသားတပ်ဦး (CNF) မှ ခေါင်းဆောင် ပူးဇင်ကျူံးနှင့် ဒေါက်တာလျန်မှုန်းဆာခေါင်းတို့က မိန့်ခွန်းပြောကြားခွင့်ရခဲ့ကြသော်လည်း NLD အစိုးရသစ်တက်လာသည့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ကျင်းပပြုလုပ်သော ချင်းအမျိူးသားနေ့အခမ်းအနားများတွင် CNF သည်လည်း မိန့်ခွန်းပြောကြားခွင့်မရတော့ခြင်းဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...