ချင်းပြည်နယ်အတွင်း ဝဥတောင်သူများအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၅၀၀ ထုတ်ချေးမည်

ချင်းပြည်နယ်အတွင်း ဝဥတောင်သူများအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၅၀၀ ထုတ်ချေးမည်

ချင်းပြည်နယ်အတွင်းရှိ ဝဥ စိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရန်အတွက် ချင်းပြည်အစိုးရမှ ဝဥ စိုက်ပြည်သူများကို တစ်မြို့နယ်လျှင် ချေးငွေ ကျပ်သိန်း ၁၅၀၀ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “ဘိန်းအစားထိုးဖို့ကတော့ တွန်းဇံတစ်ခုကိုပဲ လုပ်မယ်၊ လွှတ်တော်ကိုယ်စားလှယ်ကလည်း တင်ပြတယ်၊ ကျွန်တော်တို့ အစိုးဖက်ကလည်း ဝိုင်းပြီးကူညီကြတာပေါ့၊ ချင်းပြည်နယ်ထဲက (၉) မြို့နယ်ကတော့ တစ်မြို့နယ်ကို ကျပ်သိန်း ၁၅၀၀ စီချထားတယ်၊ တွန်းဇံကိုတော့ နှစ်ဆပေါ့ ကျပ်သိန်း ၃၀၀၀ ချထားပေးတယ်၊ ဒီလထဲမှာကတော့ ဘတ်ဂျက်တွေရပြီးရင်တော့ ဒီလထဲမှာ ပို့ပေးဖို့လုပ်ထားတာတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ ချေးငွေထုတ်ပေးရန် မြို့နယ်အသီးသီးရှိ ကော်မတီများမှ ဝဥ စိုက်တောင်သူများကို စိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီသူ လူဦးရေ ၁၀၀ ထံသို့ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦး စိုးထက် က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့ကတော့ မြို့နယ်အလိုက်ကပဲလုပ်ပေးမယ်၊ ဧက ၁၀၀ ဆိုတော့ လူဦးရေ ၁၀၀ ကိုချေးပေးမယ်၊ ကနဦးအနေနဲ့ကတော့ လူဦးရေ ၁၀၀ ကိုချပေးမယ်၊ မြို့နယ်အလိုက် ကော်မတီဖွဲ့ထားတာရှိတယ်၊ သူတို့က စိစစ်ပေးတော့ စိတ်ချရတဲ့သူတွေကို ချေးငွေထုတ်ပေးမယ်၊ ငွေကြေးအနေနဲ့ကတော့ တစ်ဧက ၁၅ သိန်းဆိုတော့ နည်းပေမဲ့ ယုံကြည်စိတ်ချမှုရှိအောင် လုပ်တာပါ၊ အခုက ဘဏ်ကနေ တိုက်ရိုက်ထုတ်ပေးတာ မဟုတ်ပဲ အစိုးရက ကြားကနေလုပ်ပေးတာဆိုတော့ ထောက်ခံပေးတာပဲဖြစ်တယ်၊ ချေးငွေကတော့ ဘဏ်စည်းကမ်းကိုပဲ လိုက်နာရမယ်” ဟု ပြောသည်။

ထို့ပြင် ဝဥ တောင်သူများအနေဖြင့် ဝဥ ပိုမိုထုတ်လုပ်နိုင်ရန် တောင်သူများအနေဖြင့် ကော်မတီဖွဲ့ပြီး ဝဥ အခြောက်စက်ရုံများကို ဒေသအသီးသီးတွင် တည်ထောင်သင့်ကြောင်း ဝန်ကြီး ဦးစိုးထက်မှ မှတ်ချက်ပေးသည်။

ဝန်ကြီးက “မြို့နယ်အလိုက်ကနေ ဝဥတောင်သူတွေစုပြီးတော့ အဖွဲ့ဖွဲ့လိုက် အဲဒါကနေ စီစဉ်သင့်တယ်၊ ခုမင်းတပ်မှာ ဖွင့်တဲ့ ဝဥ စက်ရုံကလည်း မင်းတပ်၊ ကန်ပလက်ဖက်က ၂၅ ရာခိုင်နှုန်းလောက်ပဲ ထုတ်နိုင်မယ်ဆိုတော့ အခြားမြို့တွေကလည်း လူစုပြီး စက်ရုံလုပ်ဖို့တော့ လိုသေးတယ်၊ အစိုးရအနေနဲ့လည်း ချေးငွေရရှိနိုင်ဖို့ ကူညီပေးမယ်” ဟု ဆိုသည်။

ဝဥများသည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်းပြုလုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများအားတိရိစ္ဆာန် အစားအစာအဖြစ် တွင်ကျယ်စွာ အသုံးပြုကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...