ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦး ကျည်ဆံထိမှန်မှုကြောင့် ဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦး ကျည်ဆံထိမှန်မှုကြောင့် ဒဏ်ရာရ
ဓာတ်ပုံ - ဦးသန်းထွန်း
ဓာတ်ပုံ - ဦးသန်းထွန်း

မြတ်ဆွေ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြဆရာမတစ်ဦး ဖေဖော်ဝါရီ ၃ ၊  ညနေ ၃ နာရီခွဲက ကျည်ဆံထိမှန်သွားသောကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဖခင်ဖြစ်သူ ဦးထွန်းလှမောင်က DMG သို့ပြောသည်။

အသက် (၂၈)နှစ်အရွယ်ဆရာမသည် နေအိမ်တွင် ရေချိုးနေစဉ် ပစ်ခတ်ခြင်းခံရခြင်းဖြစ်ပြီး ရင်ဘက်ကို ကျည်ဖောက်ဝင်သွားသည်။ ယင်းအပြင် နေအိမ်ကိုလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အခန်းတစ်ခန်း မီးလောင်သွားသည်ဟု ၎င်းကဆက်လက်ဆိုသည်။

“ကျနော့်သမီးလေးက ရေချိုးပြီးတော့ အဝတ်လဲနေတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးက အိမ်ခေါင်မိုးကိုကျပြီး ခေါင်မိုးမီးလောင်တယ်။ ပြီးတော့ ကျနော့်သမီးလေးကို ကျောကုန်းကနေပြီးတော့ (ကျည်ဝင်)ပြီးတော့ နို့အုံအထက်က ကျည်ထွက်သွားတယ်။ သူ့ကိုတော့ ဆေးရုံကိုချသွားပြီ။ ဒဏ်ရာတော့ နည်းနည်းပြင်းတယ်” ဟု ဦးထွန်းလှမောင်က ပြောသည်။

လက်နက်ကြီးကျည်များ အပါအဝင် ကျည်အချက် (၂၀)ကျော်ခန့်သည် ဆရာမအိမ်တစ်အိမ်တည်းကိုသာ ထိမှန်ခဲ့ခြင်းဖြစ်သည်။

ယင်းကျည်ဆံများသည် ပြိန်းတောကုန်တန်းရွာနှင့် မညင်းတောင်ရွာကြားရှိ ဇက်ရေယာဉ်ပေါ်မှ ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းဇက်ရေယာဉ်ပေါ်တွင် တပ်မတော်သားများရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိတွင် ဆရာမကို ရသေ့တောင်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားသည်ဟု မိသားစုဝင်များထံက သိရသည်။

“ကျနော်ကတော့ ခံစားရတာ ရင်နာမိတယ်။ အဲဒီလို သေနတ်တွေနဲ့ပစ်တာကိုတော့ လုံးဝကိုမထောက်ခံချင်ပါ။ ရင်ကျိုးမတတ်အောင် ခံစားမိပါတယ်”ဟု ဖခင်ဖြစ်သူက ပြောသည်။

အလားတူ ကျောက်တော်မြို့ထဲမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ကလေးမိခင်တစ်ဦး သေဆုံးသွားပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ် ရာရရှိသွားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...