တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲ၍ လူငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရ

တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲ၍ လူငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မြတ်ဆွေ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်၁၂နာရီအချိန်က တိုက်ပွဲလက်ကျန်ဗုံးသီး တစ်လုံးပေါက်ကွဲ၍ လူငယ်တစ်ဦး သေဆုံးသွားကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဂရုဏာလှိုင်း သွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။

အသက် (၁၅)နှစ်အရွယ် မောင်ကျော်ကျော်သန်းသည် ရွာအနီးရှိ မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံးကို ရွာထဲသို့ ယူဆောင်လာသည်။ ထို့နောက် ဆန်စက်အနီး စပါးထောင်းနေသော အသက် (၄၁)နှစ်အရွယ် ဒေါ်မေကြီးဆိုသူက စပါးတောင်းကို ခေါင်းပေါ်တင်ခိုင်းစဉ် ဗုံးသီးလွှတ်ချ၍ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးဒဏ်ရာရရှိသွားကြခြင်း ဖြစ်သည်။

“ဒဏ်ရာတွေက နှစ်ယောက်စလုံးမှာ ပြင်းပြင်းထန်ထန်ရတယ်။ ယောက်ျားလေးက ဒဏ်ရာများတာကြောင့် ဆေးရုံရောက်လို့ နာရီခွဲအကြာမှာ သေဆုံးသွားတယ်။ အမျိုးသမီးကျတော့ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ကျနော်တို့ ခေါ်ဆောင်သွားကတည်းက သူမသတိလည်းမရဘူးဖြစ်နေတယ်။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ဦးအောင်သန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မိုင်းပေါက်ကွဲမှု၊ ဗုံးသီးပေါက်ကွဲမှု၊ လက်နက်ကြီးပေါက်ကွဲမှုများကြောင့် အရပ်သားများ မကြာခဏ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသောကြောင့် မိုင်းအန္တရာယ် အသိပညာပေးများလုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးအောင်သန်းထွန်းက ပြောသည်။

“အဖွဲ့အစည်းတွေကလာပြီးတော့ မိုင်းအန္တရာယ်အသိပေး ပညာဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ လုပ်ပေးစေချင်တယ်။ အခုဖြစ်တာကလည်း သူတို့မသိလို့ဖြစ်တာ။ အဲလိုကိစ္စတွေကိုလည်း ခဏခဏ ကြုံနေတယ်” ဟု ၎င်းက ဆိုသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...