ဖျားနေသည့် တရုတ်ပြန်လူငယ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမဟုတ်ဟု စစ်တွေဆေးရုံအတည်ပြု

ဖျားနေသည့် တရုတ်ပြန်လူငယ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမဟုတ်ဟု စစ်တွေဆေးရုံအတည်ပြု

တရုတ်နိုင်ငံမှ ပြန်လာသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အသက် (၂၀)နှစ်အရွယ်လူငယ်တစ်ဦး ဖျားနာနေသောကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု ဆေးရုံအုပ် ဒေါက်တာ ထွန်းထွန်းဝင်းက DMG သို့ပြောသည်။

ယင်းလူနာသည် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၁) ရက်နေ့က မိမိနေရပ် စံသာပြင်ကျေးရွာသို့ ရောက်ရှိလာခဲ့ကာ ဖျားနာနေသည့်အတွက် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

သို့သော် ၎င်းမှာ အများစိုးရိမ်နေသကဲ့သို့ “ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ” မဟုတ်ဟု ဒေါက်တာထွန်းထွန်းဝင်းက ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်တော့မဟုတ်ဘူး။ ရိုးရိုးဖျားတာပါ။ သမားတော်တွေက စစ်ဆေးတဲ့အချိန်မှာ ဗိုင်းရပ်စ် တော့မဟုတ်ဘူးလို့ ပြောတယ်။ အစတုန်းကတော့ သူ့ကိုသီးသန့်စမ်းသပ်ကြည့်တယ်။ အခုတော့ သူ့ကိုတခြားပုံမှန်လူနာတွေနဲ့ပဲ အတူထားတယ်” ဟု ဒေါက်တာထွန်းထွန်းဝင်း ကပြောသည်။

၎င်းလူနာသည် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမဟုတ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ထပ်ဆင့်အတည်ပြုသည်။

“အခုနောက်ဆုံးရထားတဲ့သတင်းတွေအရ စစ်တွေမှာရှိတဲ့ သမားတော်ဒေါက်တာ မောင်မောင်သန်းက အဲဒီရောဂါအချက်တွေနဲ့ မကိုက်ညီဘူးပြောတယ်။ အဲဒါကြောင့် ကျနော်တို့က သံသယရှိသူလို့ မသတ်မှတ်ဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ဆောင်ရွက်မှုများထားရှိပြီး ပြည်သူလူထုများအတွက် အသိပေးစာများကို လူမြင်ကွင်းများတွင်ကပ်ထားရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...