မြွေတောင်သတ္တုတူးဖော်ရေး ပြန်စရန် ကျေးရွာခေါင်းဆောင် အချို့ကို ကုမ္ပဏီက စည်းရုံးနေ

မြွေတောင်သတ္တုတူးဖော်ရေး ပြန်စရန် ကျေးရွာခေါင်းဆောင် အချို့ကို ကုမ္ပဏီက စည်းရုံးနေ

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်တွင် သတ္တုတူးဖော်ခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းထောက်ခံပေးကြရန် ဒေသခံကျေးရွာအချို့ရှိ ခေါင်းဆောင်များကို ကုမ္ပဏီတစ်ခုက စည်းရုံးမှုများပြုလုပ်နေသည်ဟု မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ကပြောသည်။

အဖိုးတန်သတ္တုများ ထွက်ရှိသည့် မြွေတောင်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန်မြို့အခြေစိုက် မြန်မာသီဟကုမ္ပဏီက အစိုးရထံ လျှောက်ထားရန် ပြင်ဆင်လျက်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အနီးအနားကျေးရွာအချို့မှ ရွာလူကြီးများကို ခေါ်ယူတွေ့ဆုံ၍ မြွေတောင်သတ္တုတူးဖော်ရေးလုပ်ငန်းကို ဝိုင်းဝန်းထောက်ခံပေးကြရန် စည်းရုံးခဲ့ ကြသည်ဟု မြွေတောင်ဒေသဖွံဖြိုးရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမန်ဇခုပ်ကပြောသည်။

“ ကုမ္ပဏီတာဝန်ရှိသူတွေက လာပြီးတော့ ဒီဟာကိုတူးဖော်ဖို့ သူတို့ကလျှောက်မယ်၊ လျှောက်တဲ့အခါမှာ လုပ်ကိုင်ခွင့်ကို ဒေသခံများအနေဖြင့် ထောက်ခံပေးဖို့ သဘောတူပေးဖို့လာဆွေးနွေးတယ်၊ ဒီဟာကို ပြန်လည်သွားလျှောက်မယ်၊ ပြန်လျှောက်တဲ့အခါမှာ ကျနော်တို့ကို အားပေးပါ ၊ ထောက်ခံပေးပါ ၊ ဆုတောင်းပေးပါ ဆိုတဲ့သဘောမျိုးနဲ့ သူတို့ တွေ့ဆုံစည်းရုံးတာ” ဟု ဦးမန်ဇခုပ်ကပြောသည်။

ကုမ္ပဏီတာဝန်ရှိသူများသည် မြွေတောင်အနီး ကလေးမြို့နယ်ဘက်ခြမ်း နန်းကျင်းဆောင်ကျေး ရွာအုပ်စု ကျေးရွာ (၇) ရွာမှ ရွာလူကြီးများကို မြစိမ်းကျေးရွာအုပ်ချူပ်ရေးမှူးအိမ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုကဲ့သို့တွေ့ဆုံချိန်တွင် မြန်မာသီဟကုမ္ပဏီမှ မြွေတောင်သတ္တုတူးဖော်မည့်အစီအစဉ် အစိုးရထံ လျှောက်ထားတင်ပြမှုအောင်မြင်လာပါက ဒေသအကျိုးပြုဖြစ်စေမည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးမည်ဟုပြောဆိုခဲ့ကြပြီး ကုမ္ပဏီစာအုပ်များ၊ မီးသတ်ဆေးဗူးနှင့် ငွေသားများကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်ဟု ဦးမန်ဇခုပ်ကပြောသည်။

“တကယ်လို့များသူတို့တကယ်စေတနာရှိတယ်ဆိုရင် ဒီလိုမျိုးချဉ်းကပ်မှုကမမှန်ဘူး။ ဒါကြောင့်မို့ ဒီလိုသွားပြီးပိုက်ဆံတွေသွားပေးတယ်ဆိုတာက နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲဆိုရင် ပိုက်ဆံရတဲ့လူတွေက ကုမ္ပဏီဘက်မှာပါသွားမယ်။ ကျန်တဲ့လူတွေက ဒေသခံအချင်းချင်း မီးမွှေးနိုင်တဲ့ ပြဿနာတွေဖြစ်လာနိုင်တယ် ။အဲဒါသူတို့ ဒေသရဲ့အကျိုးကိုလိုလားပြီးလာတာမဟုတ်ဘူး ၊ မီးမွှေးချင်လို့ ဒေသရဲ့သဘောထားကွဲလွဲအောင်လုပ်တဲ့တွေ့ဆုံမှုဖြစ်သွားတယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် တည်ရှိသည့် မြွေတောင်အနီးပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း (၂၀) ခန့်ရှိပြီး ယခုကုမ္ပဏီတာဝန်ရှိသူများမှ တွေ့ဆုံသည့်ကျေးရွာများမှာ ကလေးမြို့နယ်ဘက်တွင်တည်ရှိသည့်ကျေးရွာများဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြစိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးရှန်ပေါင်က “သူတို့ကပြောတာကတော့ တရုတ်လည်းတင်မယ် ၊ အိန္ဒိယလည်းတင်မယ်ဆိုတော့ ငါတို့လည်းတင်ချင်တယ်၊ ခင်ဗျားတို့ထောက်ခံပေးနိုင်မလားဆိုပြီးတော့လာကြတာ။ ကျနော်တို့ကတော့ မထောက်ခံစရာအကြောင်းမရှိပါဘူး ။ကျနော်တို့ မြန်မာနိုင်ငံကလူတွေဆိုရင် ပိုပြီးမှထောက်ခံချင်တယ် လို့ပြောပြီးမှ ကျနော့်အိမ်မှာတွေ့ဆုံတာပါ ။အခုကတင်ပြဖို့ကို နည်းနည်းလေးကျနော်တို့ကိုလာပြောတာ။ ကူညီပါဆိုလို့ပါ ။ ရမှန်းလည်းမသိဘူး၊ မရမှန်းလည်းမသိဘူး ။အခုချက်ခြင်းတူးမယ့်ဟာတွေမဟုတ်ပါဘူး။ ဒါသူတို့တင်ပြမယ်” ဟု ပြောသည်။

မြွေတောင် သတ္တုတူးဖော်ရေး စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စီမံကိန်းဆောင်ရွက်ရန် တရုတ်အခြေစိုက် North Mining Investment Company (NMIC) ကုမ္ပဏီ လုပ်ငန်းစုနှင့် အစိုးရအကြား သဘောတူညီမှု ရရှိခဲ့သော်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ ချင်းနိုင်ငံရေးပါတီများ၏ ကန့်ကွက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်း ဆိုင်းငံ့ခဲ့သည်။

North Mining Investment Co.,Ltd.၏ စမ်းသပ်လေ့လာတွေ့ရှိချက်အရ မြွေတောင်ဒေသတွင် သတ္တုသိုက်ပမာဏ ၄၂ သန်းတန်ခန့်ရှိပြီး နီကယ် ၁ ဒသမ ၃၇ ရာခိုင်နှုန်း၊ သံ ၁၆ ဒသမ ၃၂ ရာခိုင်နှုန်း၊ ခရိုမီယမ် သုည ဒသမ ၈၈ ရာခိုင်နှုန်း၊ ကယ်စီယမ်အောက်ဆိုက် သုည ဒသမ ၇၂ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်အောက်ဆိုက် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း၊ အလူမီနီယမ်အောက်ဆိုက်  ၂ ဒသမ ၈၇ ရာခိုင်နှုန်း၊ ဆီလီကာ ၃၉ ဒသမ ၄၆  ရာခိုင်နှုန်း၊ ကာဗွန် သုည ဒသမ ၅၄ ရာခိုင်နှုန်းနှင့် ဆာလ်ဖာ သုည ဒသမ ဝ၄၄ ရာခိုင်နှုန်း ထွက်ရှိနိုင်သည်ဟု သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...