ရခိုင် မြို့နယ်သုံးခုရှိ စစ်ဘေးရှောင်စခန်းအချို့ စားနပ်ရိက္ခာပြတ်လပ်နေ

ရခိုင် မြို့နယ်သုံးခုရှိ စစ်ဘေးရှောင်စခန်းအချို့ စားနပ်ရိက္ခာပြတ်လပ်နေ

ကျော်သူဌေး — ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဝေးလံပြီးသွားလာရခက်ခဲသော စစ်ဘေးရှောင်စခန်းအချို့တွင် ထောက်ပံ့ပစ္စည်းများ မရရှိသဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ရှိသူများထံက သိရသည်။

လူဦးရေ (၃၀၀)ခန့် ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖားကြွယ်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ မရောက်ရှိသည်မှာ (၆)လခန့် ကြာမြင့်နေပြီဖြစ်သောကြောင့် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောသည်။

“ကိုယ့်လက်ကိုယ်ခြေနဲ့လုပ်စားရတဲ့အချိန်မှာ ဝဝပြည့်ပြည့် စားနိုင်တယ်ပေါ့နော်။ အခုချိန်မှာက သူများပေးတာကို စားနေရတဲ့ ဘဝဖြစ်နေရပါတယ်။ ကျနော်တို့က ဒုက္ခသည်တွေဆိုတော့ အတိုင်းအတာတစ်ခုထက် ပိုလို့ပြောလို့မရတဲ့အတွက် အကူညီအဖွဲ့တွေက စားနပ်ရိက္ခတွေကို မျှမျှတတပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မင်းပြားမြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းနှင့် ရသေ့တောင်မြို့နယ် ပဲသဒူစစ်ဘေးရှောင်စခန်း တို့တွင်လည်း ရိက္ခာပြတ်လပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များအနေဖြင့် စားဝတ်နေရေးအတွက် ငါးရှာ၊ ထင်းခုတ်ကာ စားသောက်နေကြရပြီး တောတောင်များသို့ သွားရောက်ကာ ရှာဖွေစားသောက်ရာတွင် မိုင်းထိမှန်မည်ကို စိုးရိမ်နေရကြောင်း စခန်းတာဝန်ခံ အရှင်ဥတ္တရက မိန့်သည်။

“အခုပြတ်လပ်နေတာက ဆန်တွေဆီတွေကအစ စားရေးသောက်ရေး အကုန်လုံးပြတ်လပ်နေတယ်။ တချို့မိသားစုတွေက အပြင်ကိုသွားပြီး ပိုက်တွေ ချကြတယ်။ ထင်းတွေခုတ်ပြီးတော့ ရောင်းချစားသောက်နေရတယ်။ ဘယ်အဖွဲ့အစည်းကမှ လာရောက်ပြီး လှူတာမရှိသေးဘူး” ဟု ၎င်းက မိန့်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိ ရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ရှိနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...