ကျော်သူဌေး — ဒေသတည်ငြိမ်မှုမရှိသောကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပနေသည့် သာမဏေကျော်စာမေးပွဲသို့ သံဃာနှင့် မယ်သီလရှင် အပါး ၂၀၀ ကျော် လာရောက်ဖြေဆိုနိုင်ခြင်း မရှိဟု ရက္ခပူရသာသနာ့လင်္ကာရအသင်းမှ သိရသည်။
ရက္ခပူရသာသနာ့လင်္ကာရအသင်းမှ ကြီးမှူးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပနေသည့် အဆိုပါ စာမေးပွဲကို ဖြေဆိုရန်အတွက် သံဃာအပါး ၈၀၀ ကျော် လျှောက်လွှာတင်ခဲ့သော်လည်း သံဃာအပါး ၅၀၀ ကျော်သာ ဖြေဆိုနေကြခြင်းဖြစ်သည်။
“အခြား တိုင်းရင်းသားကိုယ်တော်တွေကျတော့ ဒီမှာလာဖြေတဲ့အခါ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်။ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လာဖြေကြတာနည်းတာပါ။ အခြေနေအရ အချို့တိုင်းရင်းသားတွေက တိုင်းပြည်အခြေအနေ စိုးရိမ်ရတယ်ဆိုပြီး မလာကြတာပါ” ဟု အသင်းဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။
သာမဏေကျော်စာမေးပွဲတွင် မူလတန်း၊ ဥပစာတန်း၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဟူ၍ ငါးဆင့်ပါဝင်သည်။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်များ အောင်မြင်ပြီးမှ သာမဏေကျော်ဘွဲ့ကို ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါစာမေးပွဲကို ရခိုင်ပြည်နယ်မှ သံဃာများအများဆုံး ဖြေဆိုပြီး တခြားတိုင်းနှင့် ပြည်နယ်အသီးသီးက သံဃာများလည်း လာရောက်ဖြေဆိုကြကြောင်း ရက္ခပူရ သာသနာ့လင်္ကာရအသင်းမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်တွေမြို့တွင် သာမဏေကျော်စာမေးပွဲဖြေဆိုပြီး ရန်ကုန်သို့ပြန်သွားကြသည့် သံဃာ ၂၂၇ ပါးကို ဥသျှစ်ပင်စစ်ဆေးရိတ်၊ ပြည်နဝဒေးတံတားစစ်ဆေးရေးဂိတ်နှင့် ပြည်မြို့ ဇောတိကာရုံကျောင်းတို့တွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်တို့က စစ်ဆေးမှုများရှိခဲ့သည်။
ယခုနှစ်တွင် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်ကြမည့် သံဃာများကို ယခင်နှစ်ကကဲ့သို့ စစ်ဆေးမှုများမရှိစေရန် အစိုးရတာဝန်ရှိသူများထံ တင်ပြထားကြောင်း ရက္ခပူရသာသနာ့လင်္ကာရအသင်းမှ သိရသည်။







