ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့်မပြုသဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် ပြန်လည်ဖျက်သိမ်း လိုက်ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ ထွဋ်ခေါင်ကြီးဟိုတယ်တွင် ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်နေ့ နှစ်ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထားခဲ့ကြသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုမိန့် မပေးသည့်အတွက် ပြန်လည် ဖျက်သိမ်းခဲ့ကြခြင်း ဖြစ်သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းကပြောသည်။
ယခုကဲ့သို့ ပြန်လည်ဖျက်သိမ်းရသည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲတွင် မင်းတပ်မြို့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းက “ပထမကတော့ CNF ပါလို့ရှိရင် ခွင့်မပြုဘူးလို့ပြောတဲ့အတွက်ကြောင့်၊ NRPC ရဲ့ခွင့်ပြုချက်မရရှိရင် CNF ကိုခွင့်မပြုနိုင်ဘူးလို့ပြောတဲ့အတွက်ကြောင့်၊ ဒါကြောင့် CNF ကိုလည်း ကျနော်တို့ပြောတယ်။ NRPC ရဲ့ခွင့်ပြုချက် မရသေးတဲ့အတွက်ကြောင့် မတက်ဖို့ပြောတယ်။ သူတို့ကလည်း မတက်ဘူးလို့ ပြောတယ်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဆီမှာလည်း NRPC ရဲ့ တရားဝင်ခွင့်ပြုချက် မရသေးတဲ့အတွက်ကြောင့် သူတို့တက်မှာ မဟုတ်ဘူးဆိုပြီး ကျနော်လက်မှတ်ပြန်ထိုးတယ်။ ဒါပေမယ့် CNF က NRPC မှာ ခွင့်ပြုချက် တင်ပြဆဲဖြစ်တဲ့အတွက်ကြောင့် ဒီတွေ့ဆုံပွဲကို ခွင့်မပြုဘူး ဆိုပြီးတော့ ပြည်နယ်ဝန်ကြီးချူပ်ရဲ့ ညွန်ကြားချက်နဲ့ သူတို့ ပိတ်လိုက်တာပါ’’ ဟု ပြောသည်။
ထိုဆွေးနွေးပွဲသို့ ချင်းအမျိူးသားတပ်ဦးကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ကတိဝန်ခံချက်ထိုးပြီး ပြန်လည်တင်ပြခဲ့သော်လည်း တွေ့ဆုံဆွေးနွေးပွဲမကျင်းပမီ တစ်ရက်အလို ဇန်နဝါရီလ ၂၈ ရက် နေ့စွဲဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မင်းတပ်မြို့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးလွင်က ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ထံသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏ အကြောင်းကြားစာထဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတက်ရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ (NRPC) ၏ ခွင့်ပြုချက်မရရှိသေးမီ (CNF) ကိုယ်စားလှယ်ပါဝင်တက်ရောက်ခွင့်၊ တွေ့ဆုံဆွေးနွေးပွဲကျင်းပ ခွင့်မပြုနိုင်ကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်နယ်အစိုးရက ခွင့်မပြုတာမဟုတ်ဘူး။ အယူအဆက နည်းနည်းလွဲနေတာ။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကနေ လုပ်မယ့်ပွဲဆိုပြီး သူတို့ကတင်လာတယ်။ တက်ရောက်မယ့်အထဲမှာ CNF က ၈ ယောက်တက်မယ်ဆိုပြီးပါတယ်။ CNF က အခမ်းအနားတက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် ပြည်နယ်အစိုးရက ခွင့်ပြုချက် ပေးလို့မရဘဲနဲ့ NRPC ကိုတင်ရတယ်။ NRPC က ခုချိန်ထိခွင့်မပြုဘူး။ CNF မပါတော့ဘူးဆိုတဲ့အချိန်မှာ၊ ဒီနေ့မနက် ၈ နာကျော်လောက်မှာ CNF မပါတော့ဘူးဆိုရင် ခွင့်ပြုတယ်၊ ခွင့်ပြုလိုက်ပေမယ့် ဒီဘက်မှာက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ဟာ ဖြစ်သွားတာပေါ့နော်’’ဟု ပြောသည်။
အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် အစိုးရမှ ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ တာဝန်ယူထားသည်။
ချင်းအမျိူးသားတပ်ဦး(CNF) လက်ထောက်အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးကမူ CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံးတွင် လွတ်လပ်စွာသွားလာခွင့်ရှိသကဲ့သို့ လူထုနှင့်လည်းလွတ်လပ် စွာတွေ့ဆုံခွင့်ရှိသည်ဟု ထောက်ပြသည်။
“ကျနော်တို့ NCA နှစ်ဖက်သဘောတူညီချက်ကိုကြည့်လို့ရှိရင် CNF အနေနဲ့ တစ်နိုင်ငံလုံးကိုလွတ်လွတ်လပ်လပ်သွားခွင့်ရှိတယ်။ လူထုတွေနဲ့လည်းလွတ်လွတ်လပ်လပ်တွေ့ခွင့်ရှိတယ်။ ဒီလိုမျိူးအစည်းအဝေးကိုလည်း လွတ်လွတ်လပ်လပ်တက်ခွင့်ရှိပါတယ် ။ ကျနော်တို့ရဲ့ Rights (အခွင့်အရေး) ဖြစ်ပေမယ့် NRPC ကို အသိပေးအကြောင်းကြားပါတယ်။ ကျနော်တို့တရားဝင်စာပို့ပြီးအကြောင်းကြားပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ကျနော်တို့ကို တက်ခွင့်မပေးဘူးဆိုရင်လည်း စာနဲ့ပေနဲ့ အကြောင်းကြားရမှာဖြစ်ပါတယ်။ ဘာကြောင့်ခွင့်မပြုသလည်းဆိုတဲ့ဟာကိုလည်း ရေးသားရမှာဖြစ်ပါတယ်။ ဒီနေ့အထိ NRPC ကနေ ကျနော်တို့အကြောင်းပြန်တဲ့စာမရသေးပါဘူး’’ ဟု ဒေါက်တာရွှေခါးက ပြောသည်။
ဆက်လက်ပြီး သူက “ ကျနော်တို့ဒီပွဲကို အရမ်းဖြစ်စေချင်တယ်။ ကျနော်တို့ကိုမတက်စေချင်ရင်လည်း မတက်ဖို့ကျနော်တို့ဆုံးဖြတ်ထားပြီးသားပါ၊ ဒီလိုမျိုး အရေးကြီးတဲ့ ချင်းတစ်မျိုးသားလုံး ချင်းပြည်နယ်တနံတလျားကနေလာမယ့် အစည်းအဝေးကျင်းပမယ့်ကိစ္စ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ကြီး ဘယ်သူတွေဖိတ်မလဲဆိုတဲ့ဟာကို စာရင်းနဲ့အတိအကျပေးထားတဲ့ဟာကို အစိုးရတစ်ရပ်အနေနဲ့ ချင်းပြည်နယ်အခြေအနေကို ကောင်းကောင်းသိဖို့နားလည်ဖို့ကောင်းတယ်။ ဒီလိုမျိုး အရေးကြီးတဲ့အစည်းအဝေးကို ကျင်းပရေးအဖွဲ့ကလည်း တစ်လကြိုတင်ပြီးအကြောင်းကြားတယ်။ ခွင့်ပြုမိန့်ပေးမယ်မပေးဘူးဆိုတဲ့ဟာကို အနည်းဆုံး တစ်ပတ်ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တယ်။ ကတိတွေအမျိုးမျိုး တောင်းပြီးမှ နောက်ဆုံးကျတော့ မပေးဘူး၊ အဲဒါမျိုးက မလုပ်သင့်တဲ့ကိစ္စ၊ အဲဒါမျိုးနဲ့ လူထုကို မနှိပ်စက်သင့်ဘူး’’ ဟု ပြောသည်။
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် ချင်းညီညွတ်ရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ မှ ၁၈ ရက်အထိ ဖလမ်းမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန်ဖြင့် ကျင်းပခဲ့ကြပြီး ထိုဆွေးနွေးပွဲတွင် (CNF) ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုဒုတိယအကြိမ်ပြုလုပ်မည့် ချင်းညီညွတ်ရေးဆွေးနွေးပွဲတွင် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်မမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ချင်းပြည်နယ်ပြင်ပရှိ ချင်းနိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ခန့်ပါဝင်တက်ရောက်ကြရန်ဖြစ်သည်။







