အမ်းမြို့နယ်တွင် ကလေး (၇၀)ကျော် ဖျားနေပြီး စစ်ဆေးကုသပြီးလူနာများ၏ သွေးနမူနာကို ရန်ကုန်သို့ ပို့

အမ်းမြို့နယ်တွင် ကလေး (၇၀)ကျော် ဖျားနေပြီး စစ်ဆေးကုသပြီးလူနာများ၏ သွေးနမူနာကို ရန်ကုန်သို့ ပို့

ခိုင်မင်း ၊ မြတ်ဆွေ  — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သလူမော်ကျေးရွာတွင် ကလေး (၇၀)ကျော်ဖျားနေပြီး ယင်းအထဲမှ စစ်ဆေးပြီးလူနာများ၏ သွေးနမူနာများကို ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနသို့ ဇန်ဝါရီလ ၂၉ ရက်နေ့တွင် ပို့ဆောင်လိုက်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ယင်းကျေးရွာသို့ ပြည်နယ်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကုသပေးခဲ့သည်။ ယင်းသို့ကုသရာတွင် ဝက်သက်သံသလူနာအဖြစ် (၂၉)ဦးတွေ့ရှိခဲ့ပြီး တခြားသူများမှာ သာမန်ဖျားခြင်းဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“ကျနော်တို့ကတော့ သူတို့ကို ဝက်သက်သံသယနဲ့ ကွင်းဆင်းဆောင်ရွက်နေတာပေါ့နော်။ ရောဂါလက္ခဏာတွေအရ ဖျားတယ်။ အနီစက်ထွက်တယ်ပေါ့နော်။ အနီစက်ထွက်တယ်ဆိုတော့ ဝက်သက်သံသယအနေနဲ့ စစ်ဆေးနေတယ်။ ကျနော်တို့ သွေးနမူနာတွေကိုတော့ ဓာတ်ခွဲဌာနသို့ပို့ပြီး စစ်ဆေးထားတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

၎င်းတို့ကို ဝက်သက်ကာကွယ်ဆေးထိုးခြင်း၊ ဗီတာမင်(A)တိုက်ခြင်းနှင့် တခြားလိုအပ်သည့်ကုသမှုများ ပြုလုပ်နေပြီး စိုးရိမ်စရာမရှိဟု ၎င်းက ဆက်ပြောသည်။

ကျန်းမာရေးဝန်ထမ်းများသည် ဖျားနာနေသည့် ကလေး (၇၀)ကျော်ကို ကာကွယ်ဆေးတိုက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဝက်သက်သံသယလူနာတစ်ချို့ထံမှ သွေး (၄)ပုလင်းနှုတ်ယူသွားကာ ရန်ကုန်သို့ပို့မည်ဟု ပြောကြားခဲ့ကြောင်း သလူမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

“သူတို့ကတော့ အခုဖြစ်နေတဲ့ရောဂါကို ခန့်မှန်းခြေအတည်ပြုလို့ မရသေးဘူးဆိုတဲ့အကြောင်းကို ကျနော့်ကို ပြန်ပြောပြတယ်” ဟု ၎င်းကဆိုသည်။

သလူမော်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစတင်ကာ ကလေးများသည် မျက်နှာများတွင် အနီကွက်ပေါ်ထွက်ခြင်းများ ရှိနေပြီး ချောင်းဆိုး ဖျားနာကြသည်။ ယင်းအထဲမှ လူနာ(၄)ဦးကို ကျောက်ဖြူခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဝက်သက်သံသယလူနာများဟု ဆေးရုံက သတ်မှတ်ခဲ့သည်။ ယင်းလေးဦးအနက် အသက် (၁၅)နှစ်အရွယ် တစ်ဦး သေဆုံးသွားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...