သီဟ — သူငယ်တန်းမှ နဝတန်းအထိ နှစ်ဆုံးစာမေးပွဲများကို မတ်လတွင်စစ်ဆေးရန် စီစဉ်နေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဲကြိုးစိမ်းလှုပ်ရှားမှုများပြုလုပ်နေမှုကို ထောက်ခံကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသား/သူများက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြသလိုက်သည်။
ထောက်ခံပွဲကို စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြုလုပ်ခြင်းဖြစ်ကာ စစ်တွေတက္ကသိုလ် ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ခဲ့ကြပြီး ကျောင်းသား/သူ (၁၀၀) ကေျာ်ခန့် ပါဝင်ခဲ့သည်။ ထောက်ခံရာတွင် ကျောင်းဝင်းအတွင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
တိုင်းရင်းသားဒေသများမှာ ယခုအချိန်ထိ ကိုယ်ထူကိုယ်ကျောင်းများ ဆောက်လုပ်နေဆဲဖြစ်ကာ ပညာမသင်ကြားနိုင်သည့် ကလေးများလည်း များစွာရှိသေးသည့်အချိန်တွင် ပညာသင်ကာလတိုးခြင်းမှာ ပညာရေးစနစ်ကို တိုးတက်အောင်လုပ်နေသည်ဟု မမြင်မိကြောင်း စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလောင်း ကိုတိုးတိုးအောင်က DMG သို့ပြောသည်။
“ ပညာသင်သင့်တဲ့သူ အကုန်လုံးကို ပညာသင်အောင်မလုပ်ဘဲနဲ့ ပညာသင်ကာလကိုပဲ တိုးတာကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို တိုးတက်အောင်လုပ်နေတာမဟုတ်ဘူးလို့ မြင်ပါတယ်။ စာမသင်နိုင်တဲ့ ကလေးတွေက အပယ်ခံဖြစ်နေရတာလား။ ဒါကိုသက်ဆိုင်ရာဌာနတွေက မသိတော့ဘူးလား” ဟု ၎င်းက မေးခွန်းထုတ်သည်။
တက္ကသိုလ်ကျောင်းသားများသည် “မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံစီးပွားတိုးတက်နိုင်ပါသလား”၊ “ အထက်လူကြီးများအနေဖြင့် ကျောင်းသား၊ကျောင်းသူများအား မလေးမခန့်ပြောဆိုမှုအား ချက်ချင်းရပ်” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
ထို့ပြင် စစ်တွေတက္ကသိုလ်လုံခြုံရေး အမြန်ဆုံးအကောင်ထည်ဖော်ပေးရေး၊ စစ်တွေတက္ကသိုလ်ဆိုင်ကယ် Stand လုံလောက်စွာရရှိရေး၊ တက္ကသိုလ်ဘေးပေါက် မင်းဂံလမ်းကိုအမြန်ဆုံး အသစ်ပြုပြင်ပေးရေး၊ တက္ကသိုလ်ကန်တင်းလမ်းအား အမြန်ဆုံး အကောင်ထည်ဖော်ပေးရေး၊ တက္ကသိုလ် ဘဏ္ဍာငွေ စနစ်ရှင်းတမ်းသိရှိခွင့်ရရေး၊ တက္ကသိုလ်အရှေ့ပေါက်ရှိ ဘုမေရက်ကွက်လမ်းအား ကွန်ကရစ်လမ်း အမြန်ဆုံးလုပ်ပေးရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
“ကျနော်တို့က မဟုတ်တာတွေ တောင်းဆိုနေတာမဟုတ်ဘူး။ တကယ်လိုအပ်လို့သာ အခုလိုတောင်းဆိုရတာပါ။ တောင်းဆိုချက်တွေအပေါ်မှာ တာဝန်ရှိသူတွေ လုပ်ပေး၊မပေးဆိုတာကို စောင့်ကြည့်မယ်။ လိုအပ်ရင်လိုအပ်သလို လမ်းပေါ်တက်ဆန္ဒထုတ်ဖော်တာတွေ၊ သပိတ်စခန်းတွေအထိလုပ်ပြီး တောင်းဆိုသွားပါမယ်” ဟု ကိုတိုးတိုးအောင်က ပြောသည်။
အခြေခံပညာသူငယ်တန်းမှ နဝတန်းအထိ နှစ်ဆုံးစာမေးပွဲများကို မတ်လတွင်ကျင်းပရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေမှုနှင့်ပတ်သက်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုကို နိုင်ငံအနှံ့ လုပ်ဆောင်လာလျက် ရှိသည်။







