ရခိုင် စစ်ဘေးရှောင်စခန်းအချို့ကို ICRC က ယခုလမှစ၍ လဝက်စာသာ ကူညီနေ

ရခိုင် စစ်ဘေးရှောင်စခန်းအချို့ကို ICRC က ယခုလမှစ၍ လဝက်စာသာ ကူညီနေ

ဝင်းညွန့် - ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ကို ICRC က ယခုလမှစတင်ကာ လဝက်စာသာ ကူညီထောက်ပံ့မှု ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်စခန်းများထံမှ သိရသည်။

ICRC က စစ်ဘေးရှောင်စခန်းအချို့ကို ယခင်လများက ဆန်၊ ဆီ၊ ဆား၊ လက်ဖက်နှင့် ပဲများကို တစ်လစာ ထောက်ပံ့ခဲ့သည်။ သို့သော် ယခုလမှ စတင်ကာ လဝက်စာသာ ထောက်ပံ့သွားမည်ဟု ပြီးခဲ့သည့်နှစ်ပတ်ခန့်ကပင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အစက တစ်လစာပေးတာတောင် မလုံလောက်ဘူး။ အခုလကစပြီးတော့ လဝက်စာပေးမယ်လို့ ပြောတယ်။ လဝက်စာတော့ ကျနော်တို့ဆီ ရောက်ပါပြီ။ အရင်ကတော့ ICRC ပေးတာရယ်၊ အစိုးရက ပေးတာရယ်ဆိုတော့ လုံလောက်တယ်။ အခုလဝက်စာဆိုတော့ နောက်လဝက်စာအတွက် ကျနော်တို့ ရုန်းကန်းနေရတယ်” ဟု မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၁၂ ရွာက စစ်ဘေးရှောင် (၃၀၀၀)ကျော်ခိုလှုံနေပြီး စားနပ်ရိက္ခာအခက်အခဲ၊ သောက်သုံးရေအခက်အခဲများ ရှိနေသည်ဟု ယင်းစခန်းမှ သိရသည်။

ထိုသို့ လဝက်စာကူညီမည်ဆိုပါက စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအခက်အခဲများ ရှိလာနိုင်သည်ဟု မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

“သူတို့ အခုလကို လဝက်စာပဲ ကူညီသွားမယ်လို့ ပြောတာတော့ ၂ ပတ်လောက် ရှိပြီ။ အခုတော့ မရောက်သေးဘူး။ ဒီစခန်းကို အဓိက ကူညီတာက ICRC ကပဲ ကူညီတာ။ ကျန်အဖွဲ့တွေက သိပ်မရောက်ဘူး” ဟု စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။

မည်သည့်အတွက်ကြောင့် လဝက်စာသာပေးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကို DMG က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိ ရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် စစ်ဘေးရှောင်များရှိနေသည့် မြို့နယ်များကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ICRC နှင့် WFP မှ လွဲ၍ အခြား နိုင်ငံတကာကူညီရေး အဖွဲ့အစည်းများကို သွားရောက်ခွင့် အစိုးရက ကန့်သတ်ထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...