မြတ်ဆွေ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ငါးခူတောင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၆ ရက်နေ့၊ ည ၇ နာရီခွဲက စက်လှေနစ်မြုပ်မှုကြောင့် လူသုံးဦးသေဆုံးကာ သုံးဦးပျောက်ဆုံးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မင်းပြားမြို့နယ်၊ လက်မကျေးရွာနေ ဝါရကိန်း(၄၄)နှစ်မောင်းနှင်ပြီး အမျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၁၂ ဦးလိုက် ပါလာသော အဆိုပါစက်လှေသည် ပေါက်တောမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် မြောက်ဦးမြို့နယ်၊ ငါးခူတောင်ကျေးရွာနှင့် မင်းကန်ကျေးရွာအကြားတွင် ဟန်ချက်မထိန်းနိုင်ဘဲ တိမ်းစောင်းနစ်မြုပ်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်လှေနစ်မြုပ်စဉ် အနီးရှိရွာသားများ ဝိုင်းဝန်းကယ်ဆယ်မှုကြောင့် အမျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၇ ဦး တို့ကို ကယ်ဆယ်ရရှိခဲ့ပြီး (၆)ဦးပျောက်ဆုံးနေခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ယင်းနေရာအနီးကို ရှာဖွေစဉ် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
ပျောက်ဆုံးနေသူ ၃ ဦးကို ဆက်လက်ရှာဖွေလျက်ရှိပြီး စက်လှေမောင်းနှင်သူ ဝါရကိန်းကို အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။







