ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပညာရေးဝန်ထမ်း ဦးတောင်ပန်းနှင့်အတူ ဇန်နဝါရီ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
ယခုလက်ရှိတွင် ဦးဝှေ့တင်းနှင့် ဦးတောင်ပန်းတို့သည် ၎င်းတို့၏နေအိမ်တွင် ကောင်းကောင်းမွန်မွန်နှင့် ရောက်ရှိနေကြပြီဖြစ်သည်။
ဦးဝှေ့တင်းသည် အမျိူးသားလွှတ်တော်အစည်းအဝေးတက်ရောက်ရန် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်ထွက်ခွါစဉ် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့က (AA) တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
AA တပ်ဖွဲ့က ဦးဝှေ့တင်းကို ရက်ပေါင်း (၇၈) အကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဦးဝှေ့တင်းအား AA တပ်ဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းလူမှုအသိုင်းအဝိုင်းမှ မည်ကဲ့သို့တုံ့ပြန်ခဲ့ကြပါလဲ။ ချင်းနိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းတို့မှ အထင်ကရခေါင်းဆောင်များ၏ အမြင်သဘောထားများကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
၀န်ကြီးဦးစိုးထက် (ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်)
နဂိုကတည်းက လွှတ်သင့်တဲ့ဟာပါ၊ အခုမှလွှတ်တာတော့အမှန်က နောက်ကျပါတယ် ခုလိုလွှတ်ပေးလိုက်တဲ့အတွက် လည်း (AA) ပေါ်မှာအများရဲ့အမြင်ကလည်းရှင်းသွားတာပေါ့နော် မဟုတ်ရင်လူတွေကိုလွယ်လွယ်ကူကူနဲ့ဖမ်းတယ် ဆီးတယ်အဲလိုလုပ်နေတဲ့ဥစ္စာက ပုံရိပ်မကောင်းဘူးပေါ့နော်၊ ဦးဝှေ့တင်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ပြောတာဆိုတာလေးတွေရှိနိုင်တာပေါ့လေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့တော်လှန်ရေးကို အနှောက်အယှက်ဖြစ် လောက်အောင် ဆန့်ကျင်တာမျိူးတွေတော့မရှိလောက်ဘူး နောက် တပ်နဲ့လည်း ဘာမှအဆက်အသွယ်ရှိ တာမဟုတ်တော့လေ အခုလွှတ်တဲ့အပေါ်မှာတော့ အားလုံးဝမ်းသာပါတယ်၊ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းတွေလှိုက်လှိုက်လှဲလှဲဝမ်းသာရတဲ့ကိစ္စပါ၊ အခု ခူမီးချင်းမျိူးနွယ်စုပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ရဲ့ထုတ်ပြန်ချက်အရ သူတို့ဖမ်းထားတာ ၁၂ ယောက်ကျန်သေးတယ်လို့ပြောပါတယ် အဲဒါတွေကိုလည်း မေးမြန်းစစ်ဆေးပြီးရင်တော့ ပြန်လွှတ်ပေးသင့်တယ်လို့ ပြောလိုပါတယ်။
ဆလိုင်းအိုက်ဇက်ခင် (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဟောင်း)
အဲဒီကိစ္စက အစကတည်းကနေ မဖမ်းသင့်ဘူးပေါ့နော် အားလုံးဝိုင်းပြီးတော့တောင်းဆိုကြပေါ့လေ ကြားကနေ ညှိနှိုင်းဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေကလည်းအများကြီးပဲ၊ ဦးဝှေ့တင်းအတွက်ဆိုလို့ရှိင် CHRO နဲ့ KACC တို့ ဦးဆောင်ပြီးတော့ ပြည်တွင်းပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ Asia Parliamentary for Human Right အဖွဲ့တွေ၊ Amnesty International အဖွဲ့အစည်းတွေကအစပါဝင်လာတယ် နောက်ပြီး “၀’’ အဖွဲ့အစည်းဘက်ကိုလည်းအကူအညီ တောင်းတာတွေရှိတယ် ကချင်ဘက်ကိုအကူအညီတောင်းတာတွေရှိတယ် အစိုးရကလည်း သူ့ဘက်ကနေလုပ်တာလည်း ရှိမှာပေါ့လေ ပါတီတွေဘက်ကရော အားလုံးဝိုင်းဝန်းကြိုးစားကြပေါ့နော် ခုတော့ ပြန်လွှတ်ပေးပြီပေါ့နော် အထူးသဖြင့် ကျနော်တို့က ကျေးဇူးတင်ရမှာကတော့ ဦးဝှေ့တင်းအပေါ်ရပ်တည်ပေးကြတဲ့ အဖွဲ့အစည်းတွေ လူ့အခွင့်အရေးကိုချစ်မြတ် နိုးကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီပေးကြတဲ့အဖွဲ့အစည်းတွေကိုကျေးဇူးတင်တယ်လို့ပြောရမှာအေ ရးကြီးတာကတော့ ကျန်သေးတယ် CHRO နဲ့ KACC တို့ရဲ့ပြောဆိုချက်အရဆိုရင် အနည်းဆုံး ၁၂ ယောက်လောက်ကျန် သေးတယ် သူတို့လွှတ်မြောက်နိုင်ဖို့အတွက်လည်း ကျနော်တို့မျှော်လင့်တယ်၊ ကျနော်တို့ကတော့ ကြားမှာညှပ်နေတာပေါ့ နော် (AA) မှမဟုတ်ပါဘူး တပ်မတော်ပဲဖြစ်ဖြစ် ဒီလိုအရပ်သားတွေကို တဖက်သတ်စွပ်စွဲပြီးတော့ ခေါ်သွားတာမျိူး ဖမ်းဆီးထိန်းသိမ်းထားတာမျိူးတော့ မလုပ်ရင်တော့ကောင်းတာပေါ့နော်။
ဆလိုင်းကျဲအိုဘိခ်ထောင်း
“ဒီကိစ္စနဲ့ပတ်သက်ပြီး အချက် (၂) ချက်ကို ကျွန်တော် သုံးသပ်ရမယ်ဆိုရင်၊ ပထမအချက်အနေနဲ့ ဦးဝှေ့တင်းဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို လွှတ်ပေးရုံနဲ့ ကျွန်တော်တို့ မပြီးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဝှေ့တင်းလို လူပုဂ္ဂိုလ် (၁၀) ဦးထက်မနည်း၊ တွက်ထားတာတော့ (AA) ကနေ ဖမ်းထားတဲ့သူတွေလို့ ယူဆရတာ (၁၂) ဦး ရှိသေးတယ်၊ သူတို့ကိုလည်း ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ဦးဝှေ့တင်းကို လွှတ်ပေးသလို လွှတ်ပေးသင့်တယ်၊ ဘယ်သူ့ကိုဖမ်းဖမ်း ဒါက လူတွေရဲ့အသက်ပဲ၊ ကျွန်တော်တို့ စတောင်းဆိုကတည်းက ဦးဝှေ့တင်း တစ်ဦးတစ်ယောက်ကိုပဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်ဘူး၊ ဘယ်တုန်းကမှ လူတစ်ဦးတစ်ယောက် လွတ်မြောက်ရေးအတွက် မတောင်းဆိုခဲ့ဘူး၊ တချို့ပါတီ၊ တချို့အဖွဲ့အစည်းတွေကတော့ ဦးဝှေ့တင်းတစ်ဦးတည်း လွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားရင်လှုပ်ရှားလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး၊ ဦးဝှေ့တင်းအပါအဝင် (၁၃) ဦး လွတ်မြောက်ဖို့နဲ့ နောက်ထပ် ဖမ်းဆီးမှုတွေမလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမည်နာမကို ဖော်ပြတာက ဖော်ပြချက်သာဖြစ်ပါတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက အကြောင်းကြောင်းကြောင့် ဖမ်းဆီးသွားပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဘာမှမကွာပါဘူး၊ ဖမ်းဆီးထားတဲ့သူ (၁၂) ဦးကို ပြန်လွှတ်ပေးဖို့ကလည်း ညီတူညီမျှ အရေးကြီးပါတယ်”
“ဒုတိယအချက်က (AA) ရဲ့ ကြေငြာချက်ထဲမှာ ခူမီးဆိုတာ ရခိုင်လူမျိုးဖြစ်တယ်လို့ သုံးနှုန်းသွားတဲ့/ပြောသွားတဲ့ဟာမျိုး၊ နောက်ပြီး ခိုင်သုခကလည်း ခူမီးနဲ့ ရခိုင်ဆိုတာ လူမျိုးတစ်မျိုးတည်းဖြစ်တယ် ဆိုတဲ့ဟာမျိုး၊ သုံးနှုန်းသွားတဲ့ဟာက ကျွန်တော်တို့ ချင်းလူမျိုးထဲမှာရှိတဲ့ မျိုးနွယ်စုတွေကို တမင်တကာ၊ ချင်းလူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိပါးစော်ကားတဲ့ သဘောမျိုး သက်ရောက်သွားတယ်၊ ချင်းလူမျိုးကို ရခိုင်အဖြစ် အတင်းအဓမ္မ သွတ်သွင်းချင်တဲ့သဘောသက်ရောက်တဲ့ စိတ်ထားမျိုး၊ အသုံးအနှုန်းမျိုး ကျွန်တော်တို့ တွေ့ရတဲ့အတွက်ကြောင့် လုံးဝလက်မခံဘူး၊ လုံးဝ ရှုတ်ချကန့်ကွက်ပါတယ်၊ ဒါမျိုးက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကနေပြီးတော့ဖြစ်ဖြစ်၊ ရခိုင်အဖွဲ့အစည်း/ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ်၊ အခြားတိုင်းရင်းသားတွေ၊ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ အမျိုးသားအခွင့်အရေးအတွက် လက်နက်ကိုင် ချင်းတွေသော်လည်းကောင်း၊ နိုင်ငံရေးပါတီကသော်လည်းကောင်း အမျိုးမျိုးနဲ့ ကိုယ့်ရဲ့အမျိုးသား၊ ကိုယ့်ရဲ့လူမျိုးအခွင့်အရေးအတွက် တောင်းဆိုတာ ကျွန်တော်တို့က ဘာမှ ကန့်ကွက်စရာလည်းမရှိဘူး၊ မှတ်ချက်ပေးစရာလည်း မရှိဘူး၊ ဒါပေမယ့် တခြားတိုင်းရင်းသား၊ လူမျိုးစုတွေကြားမှာ ဝင်ရောက်စွက်ဖက်ပြီးတော့ သွေးခွဲလိုတဲ့ အမူအရာမျိုး၊ စကားမျိုးကတော့ လုံးဝ လက်ခံနိုင်စရာမျိုး မဟုတ်ဘူးပေါ့”
ဦးစောမြ (ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC)
ကျနော်တို့ဘက်ကတော့ ကောင်းတဲ့လက္ခာလို့တော့မြင်တယ်လေ အဲလိုလွှတ်ပေးလိုက်တယ်ဆိုတာက ဒါပေမယ့် ကျနော်တို့ဘက်ကလိုချင်တာက အရင်သူတို့စွပ်စွဲထားတာတွေရှိတယ်ဗျာ စစ်သတင်းပေးဘာညာနဲ့ အဲဒါတွေကိုလည်း သင်ပုန်းချေလိုက်ပြီဆိုတာဟာ သူတို့ပြောပေးရင်ကောင်းလိုက်မယ် ဦးဝှေ့တင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အ တွက် ရွာဆင်းပြီးမှစကားပြောဆိုတာတွေရှိမှာကိုး စကားဆိုတာကလည်း ပြောရင်းပြောရင်းနဲ့လည်း အဓိပ္ပါယ်အမျိူးမျိူး ပေါက်နိုင်တယ်လေ အဲဒါကြောင့် သူ့ရဲ့နောက်ကျောလုံစေချင်တယ်ဗျာ သူတို့ပြောသလို အမျိူးသားရင်ကြားစေ့ရေးကို ရှေ့ရှုပြီးတော့ ကျနော်တို့သင်ပုန်းချေလိုက်ပြီဆိုတဲ့ဟာပါလာရင်တော့ပို့ကောင်းတာပေါ့ဗျာ အခုလက်ရှိမှာ (AA) ကဖမ်းဆီးထားတာ အနည်းဆုံး (၁၂) ယောက်ကျန်သေးတယ် ဒါပေမယ့်ခက်တာက (AA) က ဝန်မခံဘူးဗျ အခုလွှတ်ပေး လိုက်တဲ့ ဦးတောင်ပန်းကိုတောင်မှ ဖမ်းတယ်ဆိုတာ သူတို့ကဝန်မခံဘူးလေ ငြင်းဆိုကြတယ်လေ ဘာပဲဖြစ်ဖြစ်ကျန်တဲ့သူ တွေကိုလည်း လွှတ်ပေးစေချင်တယ်။
Salai Tera, Field Director (Chin Human Right Organization)
AA ကနေအခုလိုမျိုး MP ဦးဝှေ့တင်းပြန်လွှတ်ပေးတဲ့အပေါ်မှာကျနော်နေနဲ့ကျေးဇူးတင်ပါတယ် ကြိုဆိုတယ် ပြီးတော့ ဝမ်းလည်းသာတယ် ပြီးတော့ AA အဖွဲ့ကိုလည်း အထူးကျေးဇူးတင်တယ်၊ အခုလိုမျိုး လွှတ်ပေးခြင်းအားဖြင့် ကျနော်တို့ အဓိက ချင်းနဲ့ရခိုင်ကြားမှာလည်း ပိုပြီးတော့ ချစ်ကြည်ရင်းနှီးမှုကပိုပြီးတော့ ဖြစ်စေနိုင်တာပေါ့နော် အဲဒါကြောင့် ကောင်းတဲ့လက္ခဏပါပဲ၊ အဲလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ ပလက်ဝမြို့နယ်အတွင်းမှာ ဒေသခံအချင်းချင်းကြားမှာ စိုးရိမ်မှုတွေကြောက်ရွေ့မှုတွေ မယုံကြည်မှုတွေ ရှိတဲ့ဥစ္စာတွေလည်းအခု ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးဖြေရှင်းပေးနိုင်မယ်လို့ ကျနော်ထင်တယ် အခုဆိုရင်ကျနော်တို့သိရသလောက်တော့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ကျနော်တို့ပြည်သူတွေ ချင်းနဲ့ ရခိုင်ကြားမှာ ကျနော်တို့ ယုံကြည်မှုလည်းမရှိဘူး ပြီးတော့ အချင်းချင်းစိုးရိမ်တဲ့ အခြေအနေမျိုးပေါ့နော် ပြီးတော့မယုံကြည်ကြဘူး အချင်းချင်းကမယုံသင်ကာဖြစ်ကြတဲ့အခြေအနေမျိုးမှာရှိနေတော့အခု အဲလိုမျိုးလွှတ်ပေးခြင်းအားဖြင့် အဲဒီဥစ္စာတွေအကုန်လုံး ကျနော်တို့ဖြေရှင်းနိုင်မယ်လို့ ကျနော်မြင်မိတာပေါ့ ကောင်းတဲ့လက္ခဏလို့ပဲပြောချင်တယ်။







