လားနွန် — မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်း ဆရာ/မ (၂၀၀) ကျော်တို့သည် ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ခွင့် စာတင်ထားကြသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။
“ထွက်စာတော့အခုထိတော့မတင်ဘူး ပြောင်းရွှေ့လောက်ပဲတင်ပါတယ် ပြောင်းရွှေ့တယ်ဆိုတာလည်းပဲ ဘာအကြောင်းကြောင့်မဟုတ်ဘူး သူ့ဟာသူ တစ်နှစ်ပြည့်လို့ လုပ်သက်တစ်နှစ်ပြည့်လို့ပြောင်းခွင့်ရလို့ သူတို့လျှောက်ကြတာပဲခဗျား ဒါကနှစ်တိုင်းတင်နေကြပါ မနှစ်ကလည်းအများကြီးတင်တာ ဒီနှစ်ကတော့ ကျနော်တို့နည်းတယ် ထွက်စာတော့တစ်ယောက်မှမတင်ဘူး” ဟု ဆလိုင်းအောင်မင်းကပြောသည်။
ကျောင်းပေါင်း (၃၈၄) ကျော်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ဝန်ထမ်း (၁၅၅၄) ဦးရှိပြီး ယခုပြောင်းရွှေ့ခွင့်တင်ထားသူများသည် လုပ်သက် တစ်နှစ်ပြည့်ပြီးသူများဖြစ်ကြကာ စုစုပေါင်း (၂၀၇) ဦးရှိသည်ဟု သိရသည်။
ပလက်ဝမြို့နယ်သည် နယ်မြေမလုံခြုံသည့်အတွက်အကြောင့် ယခင်နှစ် ၂၀၁၉ တွင် ကျောင်းပေါင်း (၁၀၀) ကျော်တွင် ကျောင်းဆရာ/မ တစ်ယောက်မှမရှိကြသည့် အခြေအနေဖြစ်ခဲ့ရပြီး ပညာရေးဝန်ကြီးဌာနမှ ဒေသခံပြည်သူများအား ထပ်မံခန့်အပ်ခဲ့သော်လည်း ယနေ့ချိန်ထိ ကျောင်းဆရာ/မ (၆၀၀) ခန့်လိုအပ်နေသေးသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူးကပြောသည်။
“လိုတာတော့အများကြီးလိုသေးတယ် တကယ်ကျောင်းသားဦးရေနှင့်ဆိုရင်တော့ အများကြီးလိုတယ် လိုတယ်ဆိုတာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပေါင်းလိုက်ရင်တော့ လေးငါးရာ၊ ခြောက်ရာလောက်တော့လိုအုံးမှာ” ဟု ပညာရေးမှူးကပြောသည်။
ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် ကျောင်းစာသင်ကြားရာတွင်လည်း အခက်အခဲရှိသလို စိုးရိမ်နေရသည်ဟု ပလက်ဝမြို့နယ်၊ တုံးမဝကျေးရွာမှ ကျောင်းဆရာတစ်ဦးကပြောသည်။
“ဒေသလုံခြုံရေးကလုံးဝမရှိဘူး ကျောင်းဖွင့်ထားတယ်ဆိုပေမယ့်လည်း ပိတ်နေရတဲ့အခြေအနေမျိူးဖြစ်နေတာပေါ့ အခုကျနော်တို့ကလည်းအဲလိုမျိုး အခက်အခဲကိုကြံုတွေ့နေရတယ် ကျောင်းစာလည်းပုံမှန်သင်လို့အဆင်မပြေဘူး ကိုယ်တာဝန်ကျတဲ့ဒေသမှာ တာဝန်ကျေအောင်ထမ်းဆောင်မရဘူးပေါ့ ဒေသအခြေအနေရပေါ့ စစ်ဘေးရှောင် တွေနဲ့ဖြစ်နေရတယ်” ဟု အဆိုပါကျောင်းဆရာကပြောသည်။
ပလက်ဝမြို့နယ် တုံးမဝကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် ကျောင်းသားဦးရေ (၂၂၄) ယောက်ရှိပြီး ကျောင်းဆရာ/မ (၁၂) ဦးရှိကာ ကျောင်းဆရာ/မတစ်ဦးလျှင် ဘာသာရပ်(၃) မျိုးစီ သင်ကြားပေးနေရသည်ဟု သိရသည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် (၉) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အနည်းဆုံး မြို့နယ်ဖြစ်ပြီး လက်ရှိကျောင်းဆရာ၊မများ ပြောင်းရွှေ့ခွင့်တင်ခြင်းနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်အတွက် ပိုဆိုးလာစေမည်ဟု ပလက်ဝမြို့ အရပ်ဖက်အဖွဲ့အစည်းမှ ဒေသခံတစ်ဦးကပြောသည်။
“ နယ်မြေမလုံခြုံတော့လေ ကြောက်လန့်နေတယ် အခုတစ်ချို့ရွာကကျောင်းတွေဆိုလည်း မဖွင့်ရဘူး လောလောဆယ်ဖြစ်နေတယ် အခုပလက်ဝမှာကလေးတွေလည်း စစ်ဘေးရှောင်အနေနဲ့နေတာရှိတယ် ဆရာ၊မတွေလည်းအဲဒီမှာမနေရဲတော့ဘူးနော်၊ ဆရာ၊မကလည်း နဂိုကတည်းကမလုံလောက်ဘူး သူတို့အဲလိုပြောင်းမယ်ဆိုရင်တော့ ပိုပြီးမှ ခက်ခဲမှာပေါ့ ” ဟု အရပ်ဖက်အဖွဲ့အစည်းမှ ဒေသခံတစ်ဦးကပြောသည်။
ပလက်ဝမြို့နယ်သည် ယခင်နှစ်များကစပြီး ဆယ်တန်းအောင်ချက်မြင့်မားစေရန်အတွက် စာဖတ်ဝိုင်းနှင့် စာသင်ဝိုင်းများကို အ.ထ.က (ခွဲ) ၊ အ.ထ.က ကျောင်းတို့တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ်စက်တင်ဘာလမှ စပြီးစာဖတ်ဝိုင်းစတင်ပုံမှန်ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာ(၉) ရက်နေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ခြင်းကြောင့် ယခုချိန်ထိဆက်မလုပ်နိုင်တော့ခြင်းဖြစ်သည်။
ချင်းပြည်နယ်၏ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း မြို့နယ်အလိုက်အောင်ချက်အရ ရာခိုင်နှုန်းတွင် ပလက်ဝမြို့နယ်သည် ၆.၈၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးဖြစ်သည်။







