လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။
ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် ယာယီတဲများထိုးကာနေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက ယခင်က ဆန်ထောက်ပံ့မှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ လခန့်ကစ၍ အထောက်ပံ့တစ်စုံတစ်ရာမျှမရရှိကြတော့ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ဝမ်းစာအတွက်ဖြေရှင်းနေရသည်ဟု မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။
“လက်ရှိကျနော်တို့မီးဇာမှာ ရောက်လာတာတစ်နှစ်ကျော်ရှိပြီ ဒါပေမဲ့ အဲဒီကြားမှာကျနော်တို့ ကျပန်းအလုပ်တွေလုပ်တယ် ပြီးတော့ ကြားကာလမှာ တော်တော်များများ NGO တွေ အဲလိုမျိုးထောက်ပံ့တာတွေရှိတယ် အခုကျတော့ ဘာမှရောက်မလာတော့ ကျနော်တို့တောင်ယာလည်းမရှိသေးတော့ အခုလက်တလောကတော့ ကျနော်တို့ စားဝတ်နေရေးပေါ့နော် အဓိကဆန်ပေါ့ အရမ်းကိုအခက်အခဲရှိတယ်” ဟု ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းတလင်း၊ ပီတောင်၊ ယင်ခံဝ နှင့် ဆတ်လိုင်ဝ ကျေးရွာတို့မှ ပြည်သူ (၆၀၀) ကျော်တို့သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်ကတည်းက မီးဇာကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြသည်။
ကင်းတလင်း နှင့် ပီတောင်ကျေးရွာမှ အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိ သီကီရ်းရွာသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် ပြောင်း ရွှေ့ခဲ့ကြပြီး ယခုလက်ရှိ မီးဇာကျေးရွာတွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ (၅၀၀) ခန့်တို့သည် ဆန်အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
“အခုကျတော့ ဒီအနီးနားလေးမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားပြီးတော့မှ ရှာစားရတာပေါ့နော် ကြာလာရင်တော့ ကျတော်တို့တော်တော်များများက ဒုက္ခရောက်မယ်လို့တော့ ကျတော်ထင်ပါတယ်” ဟု ကုန်ပြင်ကျေးရွာတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် ပလက်ဝမြို့ဂုဏ်းပေါင်းစုံဘာသာရေးအသင်းမှ ထောက်ပံ့ပေးမည့် ဆန်အိတ် (၁၀၀) ရှိသော်လည်း နယ်မြေအခြေအနေရ သွားလာလှုပ်ရှားမှုမရခြင်းကြောင့် ပလက်ဝမြို့တွင်သွားမယူရဲကြကြောင်း ၎င်းကဆက်ပြောသည်။
ပလက်ဝမြို့နှင့် မီးဇာကျေးရွာအကြား ကျီးလေကျေးရွာတွင် ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များ အခြေချနေထိုင်ကြသည့်အတွက် ပလက်ဝမြို့နယ်မှ ဆန်များ သယ်၍မရသောကြောင့် စစ်ဘေးဒုက္ခသည်များအပြင် မီးဇာကျေးရွာအုပ်စုမှ ဒေသခံပြည်သူများပါ ဆန်အခက်အခဲနှင့်ကြုံတွေ့နေကြရသည်ဟု မီးဇာကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးဟွေ့လောကပြောသည်။
“စစ်ဘေးရှောင်မကဘူး ရှိနေတဲ့ ရွာသူရွာသားတွေ အားလုံးလည်း ဒီလိုဒုက္ခရှိတာပဲ ဒေသခံတွေလည်းအားလုံး ဒီလိုပဲ စားဝတ်နေရေးအခြေအနေက ဆန်တွေတင်ခွင့်မရလို့ ဆန်တွေမရှိဘူး ပြတ်လတ် နေတယ်လေ၊ ဆန်တွေပါတွေသိမ်းတာရှိတယ်လေ ဟိုကျီးလေမှာ ကျောက်တော်မှာဝယ်လို့ရတယ် ရရင်လည်း ဒီဘက်မှာသယ်ဖို့အ သိမ်းမှာစိုးရိမ်ရတယ်၊ ပိတ်တာတော့မဟုတ်ဘူး သိမ်းမှာစိုးလို့ AA ဖက်က ကျီးလေမှာရှိတယ်လေ” ဟု ဦးဟွေ့လောကပြောသည်။
ထို့အကြောင့် ထရွှန်အိုင်ကျေးရွာတွင် ဆန်များဝယ်ယူနေကြရပြီး ၎င်းကျေးရွာတွင်လည်း ဆန်ပြတ်လတ်နေပြီဖြစ်၍ ဆန်ရှိသည့်သူများထံမှ ချေးငှားပြီးစားသောက်နေကြရသည်ဟု အုပ်ချူပ်ရေးမှူးကပြောသည်။
ပလက်ဝမြို့နယ်သည် နယ်မြေလုံခြုံရေးအခြေအနေအရ ယခုလက်ရှိတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ဒေသဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်နစ်နာမှုများလည်းရှိနေသည်ဟု သိရသည်။







