ပလက်ဝမြို့တွင် ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲများ မကျင်းပနိုင်

ပလက်ဝမြို့တွင် ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲများ မကျင်းပနိုင်
လားနွန် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရာ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲများ မကျင်းပနိုင်ခဲ့ကြောင်းသိရသည်။



မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေကြောင့် ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များအနေဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအခါသမယများတွင် ပွဲတော်များအား ယခင်နှစ်လို မကျင်းပနိုင်ကြောင်း ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။



“နှစ်သစ်ကူးက အရင်ကလိုပဲ ပုံမှန်စည်စည်ကားကားတော့ မလုပ်နိုင်ဘူး ဒါပေမဲ့ ကိုယ့်အိမ်မှာကိုကျတော့ မိသားစုအလိုက်နဲ့ပဲ ကြိုဆိုကြတယ် ဒါပေမဲ့ အရင်ကလို စည်စည်ကားကားနဲ့ကျတော့ ကျနော်တို့ မလုပ်ဘူး ခရစ္စမတ်လည်း ထိုနည်းတူစွာ အရင်တုန်းကဆိုရင် ကျနော်တို့ အပိုင်တွေအလိုက် အဲလိုမျိုး ကျနော်တို့ကျင်းပကြတယ် အခုကျတော့ ကျနော်တို့က ခရစ္စမတ်လည်း မကျင်းပရဘူး Happy new year ကလည်း ထိုနည်းတူစွာပဲဖြစ်ပါတယ ် အစိုးရက မကျင်းပနဲ့လို့တော့မပြောဘူး ဒါပေမဲ့ တာဝန်မယူဘူးဆိုတော့က ကျနော်တို့က မကျင်းပရဲဘူးပေါ့နော် သူတို့က တာဝန်မယူရဲလို့ရှိရင်ဆိုတော့ ကျနော်တို့ အခက်အခဲက မကျင်းပနိုင်တာဖြစ်ပါတယ်” ဟု ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။



ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးနေ့များသည် မနက်ပိုင်းတွင်ကျင်းပခဲ့ပြီး ညဝတ်ပြုသည့်အစီအစဉ်များမှာ သွားလို့ရသော်လည်း ညမထွက်ရအမိန့်အရ ညနေ (၆) နာရီနောက်ပိုင်း သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ပြန်လာဖို့မရခြင်းဖြစ်ကာ ညဝတ်ပြုမှုမရှိနိုင်ကြောင်း ဓမ္မဆရာကဆက်ပြောသည်။



မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားရာ ပလက်ဝမြို့နယ်သည် မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်အဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့ကစ၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကူးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



ပလက်ဝမြို့နယ်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်နှင့်ပတ်သက်ပြီး ပလက်မြို့ အရပ်ဖက်အဖွဲ့အစည်းမှဒေသခံတစ်ဦးက “ကျနော်တို့က အဲဒီအမိန့်အရပဲ အဆင်ပြေသလိုပဲနေနေရတယ် အခက်အခဲက လူတိုင်းမှာရှိတယ် သွားရလာရ စီးပွားရေးသမားတွေရော အကုန်လုံး သွားသွားလာလာ လှုပ်ရှားနေတဲ့ အကုန်မှန်သမျှပေါ့ ဘာလုပ်လုပ် အကန့်အသတ်လေးနဲ့ ကိုယ်ကချိန်ပြီးမှလုပ်နေရတာ၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးလည်း အဲဒီအကန့်အသတ်လေးမှာဖြစ်အောင် လုပ်ရတာပေါ့ ဒါပေမဲ့ ဟိုလိုမျိုး စည်စည်ကားကားတော့မလုပ်နိုင်ဘူး” ဟု ပြောသည်။



မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော်တို့ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် လူပျောက်ခြင်းနှင့် မိုင်းနင်းမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် င/ရှားကျေးရွာမှ ဒေါ်ဟွေ့တင် အသက် (၃၃) နှစ်သည်လည်း ယမန်နေ့ (၇) ရက်နေ့က မြေမြုပ်မိုင်းနင်းမိကာ ညာဖက်ခြေထောက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိခြဲ့ပီး၊ ထိုနေ့တွင်ပင် ကျောင်းဆရာ ဦးအာဗြေလ ဆီးဖလောင်းရွာသားသည်လည်း ပလက်ဝမှ ရွာသို့အပြန် ရွာမရောက်ခင် ပျောက်ဆုံးမှုများရှိကြောင်းသိရသည်။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်မှ လူပျောက်ခြင်းနှင့် မိုင်းထောင်ခြင်းတို့သည်  ရက္ခိုင့်တပ်တော် (AA) လက်ချက်ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း ရက္ခိုင်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း တပ်မတော်မှ (AA) အယောင်အဆောင်ကာ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ခိုနူမ်သုန်တွင် ပြောဆိုထားသည်။
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...