ညမထွက်ရအမိန့်ကြောင့် ပလက်ဝတွင် ခရစ္စမတ်ပွဲတော်ကျင်းပရန် အခက်အခဲဖြစ်နေ

ညမထွက်ရအမိန့်ကြောင့် ပလက်ဝတွင် ခရစ္စမတ်ပွဲတော်ကျင်းပရန် အခက်အခဲဖြစ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်မှု ရုတ်သိမ်းခြင်းမရှိသေးသည့်အတွက် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယခင်နှစ်ကကဲ့သို့ ကျင်းပပြုလုပ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဆိုကာ ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များ အနေဖြင့် စည်စည်ကားကားနှင့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့မှ ခရစ်ယာန်ဓမ္မဆရာ မောဆက်ကပြောသည်။

“အရင်တုန်းကတော့ ပျော်ပျော်ပါးပါးနဲ့ ညမှာရော နေ့မှာပါ ပျော်ပွဲရွှင်ပွဲတွေ၊ အကတွေ စသည်ဖြင့် အားရပါးရနဲ့ ကြီးကြီးမားမားကျင်းပကြတာပေါ့ ဒီနှစ်ကြတော့ အဲလိုကြီးကြီးမားမား ကျင်းပလို့မရတော့ဘူး ဒင်နာစားရုံလောက်ပါဘဲ ခုကတော့မရတော့ဘူး ဒီနှစ်ကတော့ ဘယ်သူမှ ပလက်ဝအသင်းတော်မှာတော့ မလုပ်နိုင်တော့ဘူး အသင်းတော်တိုင်းပါပဲ” ဟု ဆရာမေဆက်ကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလသည် ခရစ္စယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ခရစ္စမတ်ရက်မြတ်ကာလဖြစ်ပြီး အသင်းအသီးသီးက ကယ်ရောလ်သီချင်းများသီဆိုခြင်း၊ ခရစ္စမတ်ပွဲတော်ကို နေ့ရောညပါ စည်စည်ကားကားကျင်းပခြင်းများ ပြုလုပ်လေ့ရှိကြသည်။

သို့သော်လည်း ယခုအခါ ပလက်ဝမြို့တွင် ကယ်ရောလ်သီချင်းသီဆိုမှုကို ညမှာမလုပ်နိုင်တော့၍ နေ့လယ်ပိုင်းမှာ ပြုလုပ်နေကြရပြီး ခရစ်ယာန်ဘာသာဝင်များအတွက် ပျော်ရွှင်ရသည့်လသည် ပလက်ဝမှာမူ မပျော်ရသည့်လဖြစ်နေကြောင်း ဆရာမောဆက်ကဆက်ပြောသည်။

“ကျနော်တို့ ယုံကြည်သူတွေအတွက်တော့ ခရစ္စမတ်ဆိုတာက အရေးကြီးတာပေါ့ ခရစ်တော်ရဲ့မွေးနေ့ကို ကျနော်တို့ လူတိုင်းသက်သေခံရမယ့်အချိန် နိုင်ငံရေးအဟန့်အတားတွေရှိတဲ့အခါမှာ လူတိုင်းအတွက် ပျော်ရွှင်ရမယ့်လဖြစ်ရမယ့်အချိန်မှာ မပျော်ရွှင်ရမယ့်လဖြစ်သွားတယ် လူတိုင်းလိုလိုက ဝတ်ပြုပေမယ့် မပျော်ရနိုင်တဲ့အနေအထားမှာရှိနေတယ် အခုခရစ္စမတ်က ပျော်ရမယ့်ပွဲ ပျော်ရမယ့်လဖြစ်ပေမယ့် မပျော်ရမယ့်လဖြစ်သွားတယ် ညဘက်က အကန့်အသတ်တွေရှိပြန်တယ် ဘယ်အချိန်မှာ သေနတ်သံကြားရမလဲဆိုပြီး စိုးရိမ်ရသလို စိတ်ဓာတ်ရေးရာမှာလည်း ထိခိုက်တဲ့အပိုင်းရှိတာပေ့ါ” ဟု ဆရာမောဆက်ကပြောသည်။

ပလက်ဝမြို့နယ် ဒေသခံပြည်သူအများစုသည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုယ်းကွယ်သူများဖြစ်ကြပြီး ပလက်ဝမြို့ပေါ်တွင် အသင်းတော်ပေါင်း (၁၅) ခုကျော်ရှိသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...