Salai Benezer — ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်မတော်(AA)မှ ဖမ်းဆီးမှုအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ယနေ့ နိုင်ဝင်ဘာ ၁၃ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံလွှတ်တော်အမတ် ဒေါက်တာလှမိုးမှ အရေးကြီး အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။
အရေးကြီးအဆိုတွင်သွင်းခဲ့သည့် ဒေါက်တာလှမိုး၏ အဆိုမှာ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်ပေးပါရန် တောင်းဆိုကြောင်း” တင်သွင်းထားခြင်းဖြစ်သည်။
ဒေါက်တာလှမိုး၏ အရေးကြီးအဆိုမှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ညီညွတ်သဖြင့် မွန်းလွဲပိုင်းတွင် အဆိုတင်သွင်းခြင်း၊ တင်သွင်းဆွေးနွေးခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်များ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
မွန်းလွဲပိုင်းတွင်ဆွေးနွေးရာတွင် ဒေါက်တာလှမိုး၏ အဆိုတင်သွင်းဆွေးနွေးချက်ကို စစ်ကိုင်းအမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်မှ ထောက်ခံကြောင်းဆွေးနွေးခဲ့ပြီး သဘောထားကောက်ခံရာတွင် ကန့်ကွက်သူမရှိသဖြင့် ဦီးဝှေ့တင်းအား ရက္ခိုင့်တပ်မတော်မှ ဖမ်းဆီီးမှုအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အဆိုအား ၁၈.၁၁.၂၀၁၉တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစီးအဝေးတွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့သည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအားအပါအဝင် ၁ဝဦးအား ၃ရက်၊ ၁၁လ၊ ၂၀၁၉ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ကျောက်တော်သို့ ထွက်ခွါလာသည့် ခရီးစဉ်အတွင်း ရက္ခိုင့်တပ်မတော် (AA)မှ ဖမ်းဆီးခဲ့ပြီး ကျန်ကိုးဦးကို နောက်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းမှာ ယနေ့အချိန်ထိ ပြန်လွတ်မလာသေးကြောင်းသိရသည်။







