၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဟုဆိုကာ ထောင်ဒဏ် ၄နှစ်ခွဲစီ ချမှတ်ခံရသည့် လူငယ် ၆ဦး၏အမှုအား ပြန်လည်ငဲ့ငြာပေးရန် မတူပီမြို့ဒေသခံ ၄ဝဝခန့်မှ ယနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် သားသမီး ဘဝများငြိမ်းချမ်းရေး၊ လူငယ်များ ဘဝငြိမ်းချမ်းရေး၊ တိုင်းရင်းဒေသများငြိမ်းချမ်းရေး၊ ပြည်သူများဘဝငြိမ်းချမ်းရေး စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး အခင်းဖြစ်သည့်နေရာသို့ လုံးဝမရောက်သည့် ပြစ်ဒဏ်ချခံရသူအား လွှတ်ပေးပါ၊ ထောင်ချခံရသည့်ထဲတွင်ပါဝင်သည့် တက္ကသိုလ်ကျောင်းသားနှစ်ဦးအား ပညာပြီးဆုံးတိုင် သင်ကြားနိုင်ရန် ထောက်ထားငဲ့ညှာပေးပါ စသည့် ပိုစတာများကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။
“ကျနော်တို့ ဒီနေ့ဆန္ဒပြတဲ့အပေါ်မှာ ကျနော်ကတော့ ကျေနပ်တယ်၊ ရဲမှူးကိုလည်း ကျနော်ပြောဖူးတယ်၊ အခင်းဖြစ်တဲ့နေရာမှာ မရောက်တဲ့သူတွေကို ဖမ်းတာက တရားရေးမဏ္ဍိုင်ယိုင်နဲ့တာကြောင့်လို့ ပြောလို့ရတယ်၊ အဒီဟာကို ပြောရရင် တစ်စုံတစ်ဦးဟာ ဥပဒေအထက်မှာရှိတယ်ဆိုတာကို ဖော်ထုတ်ချင်တာပေါ့၊ ဒီအစိုးရတက်လာတုန်းကလည်း တရားဥပဒေစိုးမိုးရေးဆိုပြီး ကြွေးကြော်ခဲ့ကြတယ်၊ မတူပီမြို့နယ်မှာတော့ တရားဥပဒေစိုးမိုးမှုမရှိလို့ ကျနော်တို့လူငယ်တွေ ခံရတယ်လို့ ယူဆလို့ရတယ်၊ ချင်းအမျိုးသားနေ့အခမ်းအနား လုပ်တုန်းကဆိုရင်လည်း ရဲတွေကိုယ်တိုင်က အရက်မူးကြတယ်၊ ရောက်ခြေက ရဲဝန်ထမ်းတစ်ချို့ရဲ့ ပြုမူပုံကလည်း အဆင်မပြေဘူး၊ အဲဒါကိုထောက်ပြချင်တာလည်းပါပါတယ်” ဟု ဆန္ဒပြမှုတွင်ပါဝင်သူ ဆလိုင်းထန်းကီးမှ ပြောသည်။
အခင်းဖြစ်စဉ်မှာ မတူပီမြို့ ဗိုလ်တိုက်ချွန်းခန်းတွင်ကျင်းပခဲ့သည့် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားအတွင်း ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ရုံးရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် ပစ္စည်းအချို့ပျက်စီးသွားခဲ့ခြင်းကြောင့် လူငယ် ၆ဦးအား သံသယဖြစ်တရားခံဟုဆိုကာ ဖမ်းစီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လူငယ်ခြောက်ဦး ထောင်ဒဏ်ချခံရခြင်းနှင့်ပတ်သတ်ပြီး မတူပီမြို့မရဲစခန်းမှူးအား ချင်းဝေါလ် သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ယခင်ရဲမှူးလက်ထက်တွင် ဖြစ်ပွားသည့် ဖြစ်စဉ်ဖြစ်သဖြင့် ၄င်းအနေဖြင့် ဘာမှမသိရှိသဖြင့် မဖြေကြားလိုကြောင်း ပြောသည်။
အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းစီးခံရသည့် လူငယ်များမှာ မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးဖြစ်ပီး အောက်တိုဘာ ၁ဝရက်နေ့တွင် မတူပီတရားရုံးမှ ထောင်ဒဏ်လေးနှစ်ခွဲစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။







