စစ်ပွဲရဲ့ဆိုးကျိုးကြောင့် ပိုထိခိုက်လာမယ့် ပလက်ဝမြို့နယ်ရဲ့ ပညာရေး

စစ်ပွဲရဲ့ဆိုးကျိုးကြောင့် ပိုထိခိုက်လာမယ့် ပလက်ဝမြို့နယ်ရဲ့ ပညာရေး
by -
Salai Hung Tun Gei

ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၁၄၂၁ ကျောင်းရှိတဲ့အနက် ပလက်ဝမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၃၄၇ ကျောင်းရှိပြီး ချင်းပြည်နယ်မှာ ကျောင်းအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ကတည်းက နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဖြစ်နေခဲ့ပါတယ်။ အခုလို စစ်ပွဲကြောင့် ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက် လုပ်နေရတဲ့အတွက် ပညာရေးပိုင်းမှာ ပိုမိုပြီး စိုးရိမ်စရာဖြစ်လာခဲ့တာပါ။

အခုလိုစိုးရိမ်စရာဖြစ်တာကလည်း ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းဖို့အတွက် အခြေခံပညာနောကြေနေဖို့လိုအပ်တယ်လို့ ပညာရေးဆိုင်ရာ ပညာရှင်တွေ၊ ကျောင်းဆရာ/မ တွေကထောက်ပြလို့ပဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်အတွင်းမှာ မြို့ပေါ်ထက်ကျေးရွာမှာပဲ အခြေခံပညာမူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အထက (ခွဲ) ကျောင်းတွေပိုများနေတာပါ။

ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ရဲ့ ဧရိယာအကျယ်ဆုံး၊ လူဦးရေအများဆုံး ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ အနောက်မြောက်မှာတည်ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ချင်းပြည်နယ်တောင်ပိုင်း မြို့တစ်မြို့ဖြစ်ပါတယ်။

ပလက်ဝမြို့နယ် လောင်းမတူကျေးရွာ အမက ဆရာမ ဒေါ် နော်ဒလှိုင်က “ကျောင်းမတက်ရဘူးဆိုရင်တော့ ပညာရေးနှောင့်နှေးမှုတွေရှိမှာပေါ့နော်။ ရွာထဲက ကျောင်းမတက်တဲ့ကလေးတွေလိုဖြစ်တော့မှာပေါ့နော်။ အခုလည်း အခြေအနေမမှန်တော့ ဘယ်အချိန်မှ ပြန်ဖွင့်မယ်ဆိုတာ အတိကျပြောလို့မရတော့ ပညာရေးပိုင်းနှောင့်နှေးတာပေါ့” လို့ပြောပါတယ်။

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှာလည်း ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်ဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူအများဆုံးအနေနဲ့ ၁၇၇၀ ဦးဝင်ရောက်ဖြေဆိုခဲ့ပေမယ့် ၆.၈၄ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ်မှာ အောင်ချက်အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ယခင်နှစ်များမှာလည်း ဖြေဆိုသူအများဆုံးနဲ့ အောင်ချက်အနည်းဆုံး ဖြစ်နေခဲ့တာပါ။

စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ တစ်ဦးကလည်း “ မိဘတွေအနေနဲ့ ကျောင်းတက်ဖို့ထောက်ပံ့မပေးနိုင်ဘူး။ မနိုင်ဘူးလေ။ အပြင်ဝတ်စုံမဟုတ်ပဲ ကျောင်းဝတ်စုံတွေလည်းရှိသေးတယ်လေ။ ထောက်ပံ့မှုကလုံးဝအားမကောင်းဘူး” လို့ပြောပါတယ်။

အခုလို ချင်းပြည်နယ်မှာ လူဦးရေအများဆုံး နဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုသူအများဆုံး ဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ စစ်ပွဲတွေဖြစ်ပွားလာတာကြောင့် ကျောင်းသူကျောင်းသားများရဲ့ပညာသင်ကြားခွင့် အခွင့်အရေးတွေ ထိခိုက်တဲ့အပြင် ရေရှည်ဘဝရပ်တည်ရေးအတွက်ပါ ထိခိုက်မှုများစွာ ကြုံတွေ့ လာနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ Field Director ဦးသဲရာကပြောပါတယ်။

ဦးသဲရာက ကလေးတွေကျောင်းကောင်းကောင်းမတက်နိုင်ရင် လူ့အခွင့်အရေးရှုတောင်ကနေကြည့်ရင်တော့ ပညာသင်ကြားခွင့် ဆုံးရှုံးရတယ်။ ရေရှည်မှာ အဲလိုမျိုးများလာရင် ဒုစရိုက်ကိစ္စတွေလည်း များလာနိုင်တယ် သုံးသပ်ပါတယ်။

လွန်ခဲ့တဲ့ လေးလခန့်ကလည်း ပလက်ဝမြို့နယ်အတွင်း စစ်ပွဲအရှိန်တိုးလာတာကြောင့် ကျောင်းပေါင်း ၁၁၈ ကျောင်းပိတ်ခဲ့ရသလို တာဝန်ကျဆရာ/မတွေလည်း တာဝန်ကျတဲ့ကျောင်းတွေမှာ မသွားရဲတဲ့အခြေအနေကြုံခဲ့ရပါတယ်။ ဒါကြောင့် ကျောင်းပြန်ဖွင့်ချိန်မှာလည်း ပိတ်ထားရတဲ့ကျောင်းတွေရှိသလို ဆရာ/မ မလုံလောက်တဲ့ အခြေအနေတွေကြုံခဲ့ရတာ အခုထိပါ။

ဆရာမ ဒေါ် နော်ဒလှိုင်က “လက်နက်သံကြားတော့ ကျောင်းတွေပိတ်ထားတဲ့ဟာတွေရှိတာပေါ့နော်။ ဆရာမတွေလုံလောက်မှုမရှိဘူး။ ရောက်တဲ့သူလည်းရှိတယ်။ ကိုယ့်နေရပ်ကိုပြန်ပြီးပြန်မ လာတဲ့သူတွေလည်း ရှိတယ်” လို့ပြောပါတယ်။

ကျောင်းပေါင်း ၃၄၇ ကျောင်းရှိတဲ့ ပလက်ဝမြို့နယ်မှာ ကျောင်းပြန်ဖွင့် ချိန်ထိ ဆရာ/မတွေ လုံလောက်မှုမ ရှိတာကြောင့် နေ့စားဝန်ထမ်း ၃၆၀ ဦးကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးတို့ ညှိနှိုင်းပြီး ပြန်လည်ခန့် အပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာသာရပ်အလိုက် ဆရာ/မလိုအပ်မှု ၃၀၆ ဦးလိုအပ်နေဆဲဖြစ်ပါတယ်။

ပလက်ဝမြို့နယ် ပညာရေးမှုး ဦး အောင်မင်းက “  ပိတ်ထားတဲ့ကျောင်းတွေတော့မရှိတော့ဘူး။ ဆရာ/မ မလုံလောက်တဲ့နေရာမှာလည်း ၃၆၀ ဦး ခန့်ထားတဲ့သူတွေကို ဆရာ/မ တစ်ယောက်မှ မရှိတဲ့ကျောင်းတွေကို အားလုံးခန့်ထားပြီးပြီ။ တစ်မြို့နယ်လုံးကျောင်းရဲ့ လိုအပ်ချက်ကတော့ ၃၀၆ ဦးလိုအပ်နေသေးတယ်။ မူပြတွေပေါ့။ အဲဒါကို ပြည်နယ်ကိုလည်းတင်ပြပြီးပြီ။ ပြည်နယ်ကလည်း ပြည်ထောင်စုကိုတင်ပေးမယ်လို့တော့ ပြောပါတယ်” လို့ဆိုပါတယ်။

ဆရာ/မတွေကို ပြန်လည်ခန့်ထားပြီဖြစ်ပေမယ့်လည်း ဘာသာရပ်အလိုက် လိုအပ်ချက်တွေရှိသေးတာကြောင့် ကျောင်းခွဲတမ်းအရသင်ကြားမှုမလုပ်နိုင်ပဲ ရှိတဲ့ဆရာ/မတွေကပဲ တာဝန်ယူပြီး သင်ကြားပေးဖို့ကြိုးစားနေရတယ်လို့ဆိုပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က “ခုတော့ အဆင်ပြေအောင် ခွဲဝေနှုန်းထားနဲ့မသွားပဲ ကျောင်းမှာစာသင်နိုင်အောင်ပဲ ကြိုးစားပြီး လုပ်သွားရမှာပဲ။ အခုလက်ရှိတော့ ဆရာ/မ တွေမရှိတဲ့ကျောင်း မရှိအောင်လုပ်တယ်။ ခွဲတမ်းအနေနဲ့တော့ ပြည့်စုံအောင်မထားနိုင်သေးတာ ဝန်ခံတယ်။ ဒါပေမယ့် ဆရာမရှိတဲ့ကျောင်းမရှိအောင်တော့ လုပ်ထားတယ်” လို့ပြောပါတယ်။

စစ်ပွဲကြောင့် ဆရာ/မတွေလုံလောက်မှုမရှိတာမှန်ပေမယ့်လည်း တစ်ဖက်မှာ ကျောင်းတွေတိုးချဲ့လာတဲ့အတွက် မလုံလောက်တာလည်းပါသလို အချို့ကျောင်းမှာဆိုရင် ကျောင်းအုပ်နဲ့ အထွေထွေအလုပ်သမား နှစ်တည်းရှိနေတယ်လို့ ဆရာမ ဆရာမ ဒေါ် နော်ဒလှိုင်ကကထောက်ပြပါတယ်။

ဆရာမ ဆရာမ ဒေါ် နော်ဒလှိုင်က “ဖြစ်စေချင်တဲ့ဆန္ဒကတော့ ကျောင်းတွေမတိုးစေချင်ဘူး။ ဆရာမတွေကိုတော့ ခန့်တော့ခန့်တာပေါ့။ တစ်ခါမှမလောက်ဘူးဆိုတာ ပိုဆိုးသွားတာ။ ကျောင်းမတိုးပဲဆရာမတွေကိုသာတိုးပေးရင် ဆရာမတွေလည်းလုံလောက်မယ်ထင်တယ်။ ကျောင်းတွေတိုးတာကတော့ သိပ်တော့အဆင်မပြေလောက်ဘူး” လို့ပြောပါတယ်။

ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ပွဲတွေတောက်လျှောက်ဖြစ်နေတာကြောင့် စစ်ပွဲရှောင်တွေလည်း တိုးလာနေပြီး ရခိုင်ပြည်နယ်အတွင်းမှာလည်း ကျောင်းဆယ်ကျောင်းထက်မက ပိတ်ရတဲ့ အခြေအနေကြုံရပါတယ်။

လက်ရှိအချိန်မှာ စစ်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ၆၀၀၀၀ ဝန်းကျင်ရှိနေပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်းက စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပါတယ်။ အခုလို စစ်ဘေးရှောင်ကလေးတွေအတွက် ပညာရေးပိုင်းမှာ ထိခိုက်မှုမရှိအောင် သက်တောင့်သက်သာရှိတဲ့နေရာမျိုး ကျောင်းပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ လိုအပ်နေတယ်လို့လည်း လူမှုရေးအဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...