ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) နှင့် ချင်းအမည်ခံသတင်းဌာနအချို့မှ စွပ်စွဲရေးသားမှုများကို ကန့်ကွက်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ သြဂုတ်လ (၁၄) ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်သူလူထုများနှင့် ချင်းလူမျိုးများအား တစ်တန်းတည်းထားပြီး တန်းတူညီမျှစွာဆက်ဆံရေးမူဝါဒကို ချမှတ်ထားကြောင်း ပါရှိသည်။
သြဂုတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ဆိုရှယ်မီဒီယာပေါ် မှ ချင်းအမည်ခံသတင်းဌာနအချို့သည် အစပထမ၌ မိမိတို့အား စွပ်စွဲရေးသားပြောဆိုမှုများမှာ နားလည်မှုလွဲမှားစွာဖြင့် ရေးသားနေသည်ဟု မှတ်ယူသော်လည်း နောက်ပိုင်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်သည့် ရေးသားမှုမျိုးဖြင့် ရေးသားလာခြင်းကြောင့် ပြသနာများ ပိုမိုရှုပ်ထွေးမှုမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
စွပ်စွဲပြောဆိုသည့်အကြောင်းအရာများအဖြစ် ချင်းမျိုးနွယ်စုများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ နှိပ်စက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း စသည့်စွပ်စွဲချက်များဖြစ်နေပြီး မိမိတို့အဖွဲ့အစည်းနှင့် ပတ်သက်မှုလုံးဝမရှိကြောင်းကိုလည်း ငြင်းဆန်ထားသည်။
ထို့အပြင် တာဝန်ခံမှုမရှိသည့် ရေးသားချက်၊ နိုင်ငံရေးလူမျိုးရေး၊ အဂတိတရားမကင်းရှင်းသည့် စွပ်စွဲချက်၊ အမုန်းတရားနှင့် မနာလိုမှုများကို ပေါင်းစပ်ကာ ရေးသားမှုများသည် မြန်မာအစိုးရ၊ စစ်တပ်(ရန်သူ) နှင့် ပူးပေါင်းကာ မိမိတို့အား နိုင်ငံရေးအရ တိုက်ခိုက်သည့် ထိုးနှက်ချက်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။







