ချင်းပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လေ့ရှိသည့် လမ်းသားပြိုကျမှုများ ဖြစ်ပေါ်လာပါက ပိတ်ဆို့မှုမရှိဘဲ အမြန်ဆုံးရှင်းလင်းနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်မှပြောသည်။
“ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ JAICA ကနေပေးထားတဲ့ စက်တွေတောက်လျှောက် အဆင်သင့်ရှိနေပါတယ်၊ လမ်းဦးစီးဌာနကလည်း နာရီပိုင်းအတွင်းမှာ တောက်လျှောက်ရှင်းနိုင်အောင် လမ်းမပိတ်အောင် လုပ်နေပါတယ်၊ နောက်ပြီး တစ်ခြားလမ်းပိုင်းမှာ ပြိုတဲ့ဟာတွေဆိုရင်လည်း ဆောက်လုပ်ဌာန လမ်းဦးစီးကနေ တာဝန်ယူဖြေရှင်းပေးနေပါတယ်၊ လမ်းကတော့ မိုးများတဲ့အခါကျုတော့ နေရာတိုင်းမှာ ပြိုနေတယ်၊ ဒါကြောင့် လမ်းဦးစီးတို့ အုပ်ချုပ်ရေးမှူးတွေနဲ့ အမြဲတမ်းဆက်သွယ်မှုရှိနေပါတယ်၊ ဖြစ်ရင်လည်း အရင်လိုပိတ်ဆို့မှုမဖြစ်အောင် လုပ်ထားပါတယ်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။
ချင်းပြည်နယ်တွင် မြေသားပျော့ပျောင်းမှုကြောင့် မိုးရွာသီတွင် လမ်းသားများ မကြာခဏပြိုကျမှုဖြစ်ပွားလေ့ရှိပြီး လမ်းပိတ်ဆို့မှုများလည်း မကြာခနဖြစ်ပေါ်လေ့ရှိသည်။
သြဂုတ်လ ၇ ရက်နေ့တွင် ကလေး-ဝေဘူလ-ဖလမ်း လမ်းပိုင်းတွင် မြေပြိုကျမှုကြောင့် ယခုချိန်အထိ ကားလမ်းပိတ်ဆို့နေပြီး ကားလမ်းပြန်သွားနိုင်ရန် လုပ်ဆောင်နေကြောင်း၊ အလားတူ ဖလမ်းနှင့်ဟားခါးကြားရှိ ရမ်ထလိုရွာအနီးတွင် ယမန်နေ့ ညနေ ၂နာရီက မြေနှင့် ကျောက်သားများ ပြိုကျလာမှုကြောင့် ကားအစီး ၃၀ခန့် ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး ရှင်းလင်းပြီးနောက် ညနေပိုင်းတွင် လမ်းပြန်ပွင့်သွားကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ယခုနှစ် သြဂုတ်လ ၇ရက်နေ့တွင် မိုးရေချိန် ၂.၈၃လက်မရွာသွန်းခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်း သြဂုတ်လအထိ ၆၄ ရက်မိုးရွာသွန်းထားပြီး ရွာသွန်းသည့် မိုးရေချိန်မှာ ၃၀.၁၅လက်မရှိပြီ ဖြစ်ကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရှိရသည်။
ချင်းပြည်နယ်တွင် ၂၀၁၅ခုနှစ်က မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လမ်းအပိုင်းလိုက် ပြိုကျပြီး အဆက်အသွယ်များပျက်တောက်သွားခြင်း၊ မြေပြိုမှုကြောင့် နေအိမ်ပေါင်းများစွာ ပျက်စီးခြင်းများကြုံတွေ့ခဲ့ရပြီး ပြည်သူလူထုအများအပြား ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြရသည်။







