တပ်မတော်သိမ်းဆည်းထားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံများ၏ မြေယာဧကများနှင့်ပတ်သက်ပြီး ‘နစ်နာကြေး ပေးရန်’ သို့မဟုတ် ‘ပြန်လည် စွန့်လွတ်ရန်’ သဘောထား မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများအား ဇူလိုင် (၂၆) ရက်နေ့ ပြန်လည်ပြောဆိုခဲ့ပါသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ပေးပို့လာသော သဘောထားပါရှိချက်အရ “၁၉၉၁ ခုနှစ် ခမရ (၃၂၁) တပ်ရင်းမှ တပ်မြေအဖြစ် သိမ်းယူခဲ့စဉ် ၎င်းမြေယာများမှာ မြေလွတ်မြေရိုင်း ဖြစ်နေသည့် အတွက် လျော်ကြေးအဖြစ် ပေးမည်မဟုတ်ကြောင်း” ဆိုထားပါသည်။
ရွှေညောင်ပင်ကျေးရွာကို ၁၉၈၄ခုနှစ် မတိုင်မီ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် ခမရ (၃၂၁) တပ်ရင်းက တပ်စခန်းစတည်ခဲ့သည်ဟု သိရပါသည်။
ထို့နောက် ၂၀၁၆-၂၀၁၇ ခုနှစ် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမှုများ ကျယ်ပြန့်လာပြီးနောက် ဒေသခံပြည်သူများ၏ သင်္ချိုင်းမြေ နှင့် အိမ်ခြံမြေ များကို တပ်မြေ ကျူးကျော်အဖြစ် တရားဝင် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရပါသည်။
လက်ရှိ တပ်မတော်သိမ်းဆည်းထားသော မြေယာများတွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးထားသည်ကိုသာ တွေ့ရပါသည်။
သို့သော်လည်း ဒေသခံများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထပ်မံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အိမ်ခြံမြေသိမ်းခံထားရသော Slg. Brang Hkum (ဦးဘရန်ခွမ်)က ယခုလိုပြောဆိုထားပါသည်။
“ကျနော်တို့တောင်းဆိုထားတာ မကောင်မြင်ဘူးပေါ့။ ဒါပေမယ့် ပြန်ပြီး သက်ဆိုင်ရာကို အသနားခံ ထပ်တင်သွားမယ်။ ဒေသခံတွေက စစ်တပ်နေရာကို လုယူနေတာမဟုတ်ဘူး။ ကိုယ့်မြေယာကို ရအောင်ယူချင်တယ်။ နောက်ဆုံး လျော်ကြေး မပေးချင်နေ။ ကိုယ်မြေယာကိုဘဲ ရအောင်တောင်းဆိုမယ် နောက်ထပ် တာဝန်ရှိတွေနဲ့ ညှိနှိုင်းပြီး ပြန်လုပ်ဆောင်သွားမယ်” ဟု ပြောဆိုသည်။
ဒေသခံများတင်ပြတောင်းဆိုထားသည့်စာရင်းအရ တပ်မြေသိမ်းဆည်းမြေအဖြစ် ကျေးရွာသင်္ချိုင်းမြေ ဧက (၈)ဧက၊ အိမ်ခြံမြေ (၁၀)ဧက၊ လယ်ယာမြေ (၄၅)ဧက နှင့် တောင်ယာမြေ (၄၆)ဧက ဖြစ်ကြောင်း သိရသည်။
ယခု မြေယာပြဿနာကို ဖြေရှင်းပေးရန် ၂၀၁၇ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစိုးရ အဆင့်ဆင့် စာတင်ပြတောင်းဆိုခဲ့သည် သာမက ယခုနှစ် မတ်လ ၂၁ရက်နေ့ နိုင်ငံတော် သမ္မတကိုလည်း အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ထားသည်ဟု ပြောပါသည်။
“ကျွန်တော်တို့က သင်္ချိုင်းကုန်းမရှိတော့ အရမ်းအခက်အခဲ ဖြစ်သွားတယ်။ ဘုန်းကြီး ပျံလွန်တော်မူတာတောင် ဘယ်မှာ မီးသြင်္ဂိုလ်ရမလဲ မသိဖြစ်နေတယ်။” ဟု ဒေသခံ ဦးထွန်းဝင်း ပြောပါသည်။
ဒေသခံ စစ်မှုထမ်းဟောင်းများ၏ ပြောဆိုချက်အရ ရွှေညောင်ပင်ကျေးရွာတွင် မူလတပ်ပိုင်မြေ စုစုပေါင်း (၉၄၆)ဧကသာ သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် တပ်မြေပိုင် ဧက ၁၀၀၀ ကျော် ရှိနေပြီဟု သိရပါသည်။







