ပေါင်းစည်းခဲ့သော မွန်ညီညွတ်ရေးပါတီ ရုံးခန်းများစတင်ဖွင့်လှစ်ခဲ့ပြီး စည်းရုံးရေးလုပ်ငန်းများ စတင်ပြီးဖြစ်ကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီ၏ ဗဟိုရုံးဖွင့်ပွဲကို ဇူလိုင် (၂၇) ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နည်းတူပင် ဇူလိုင်လ (၂၈) ရက်နေ့မှာလည်း ချောင်းဆုံမြို့နယ်ရုံးအပြင် ကျေးရွာရုံးများလည်း တပြိုင်နက်ထဲ ဖွင်လြှစ်ခဲ့သည်။
နိုင်ငံတော်၏ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်ကို မွန်ညီညွှတ်ရေးပါတီအနေဖြင့် ကြိုဆိုသကဲ့သို့ မြေပြင်ပကတိအခြေအနေကို လက်ခံပြီး မည်သည့်နေရာဒေသကိုမှ ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ပေးဖို့အတွက် တိုက်တွန်းကြောင်း မွန်ညီညွှတ်ရေးပါတီ ဒုတိယဥက္ကဌ နိုင်ဇနူးမွန်က ဖွင့်ပွဲတွင် ပြောသည်။
" တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရဲ့ အကြီးမားဆုံး အတားအဆီးကတော့ နှစ်(၇၀)ကျော်ကြာဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြီးရဲ့ အခြေခံအကြောင်းတရားကို ဥပက္ခော ပြုခြင်းနဲ့ မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြီးရဲ့ အခြေခံအကြောင်းတရားကို နားလည်လက်ခံပြီး အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းသည်သာ ငြိမ်းချမ်းရေးတည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို” ဟု မွန်ညီညွှတ်ရေးပါတီ ဒုတိယဥက္ကဌ နိုင်ဇနူးမွန်က ဆိုသည်။
မွန်ညီညွှတ်ရေးပါတီသည် မွန်လူမျိုးတို့၏ မူလကိုယ်ပိုင်အခွင့်အရေးများ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးရည်မှန်းချက်ဖြင့် ဥပဒေဘောင်အတွင်း တရားနည်းလမ်းကျစွာ တိုက်ပွဲဝင်သွားမည့်အပြင် မွန်ပြည်နယ်အတွင်းရှိ အခြားသော လူနည်းစုများ၏ တိုင်းရင်းသားအခွင့်အရေးနှင့် မွန်ပြည်နယ်သားများ၏ ဒီမိုကရေစီအခွင့်အရေးကိုလည်း လေးစားအသိအမှတ် ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းတဲ့ လူမျိုးရေး အမြင်ကိုလည်းဆန့်ကျင်သွားမယ့် ပါတီလည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရစီပြည်ထောင်စုမှာ မိမိရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေးကို တန်ဖိုးထား ကာကွယ်သွားမှာဖြစ်တယ်”ဟု နိုင်ဇနူးမွန်က ဆက်လက်ပြောသည်။
မွန်ညီညွတ်ရေးပါတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင် အမှတ်(၁၁၇)၊ (၁၁.၇.၂၀၁၉)ရက်စွဲ့ပါ ကြေညာချက်အမှတ်(၁၂၀/၂၀၁၉)ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။







