မင်းတပ်မြို့နယ်တွင် NLD ပါတီရုံး တည်ဆောက်မည့်နေရာသည် ရေစမ်းဦးထွက်သည့် နေရာဖြစ်သဖြင့် ပြည်သူများမှ ကန့်ကွက်နေကြသော်လည်း ဆက်လက်တည်ဆောက်သွားမည်ဟု ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးတိတ်ထန်းမှ ပြောသည်။
“NLD ရုံးဆောက်ဖို့ မြေနေရာက ကျွန်တော်တို့ လျှောက်ထားတာကတော့ အိုးအိမ်နေရာ နှစ်နေရာလျှောက်ထားတယ်၊ ဒါပေမယ့် မရဘူး၊ မရတော့ အဲဒီမြေနေရာကအားတယ်ဆိုပြီး မြေစားရင်း ဦးစီးဌာနမှူး ဦးသန်းလှိုင်မိုးက ကြည့်ကြပြီးတော့ အဲဒီနေရာမှာ ကျွန်တော်တို့ကို ချပေးတယ်၊ နယ်မြေတာဝန်ခံကနေလာကြည့်ပြီးတော့ ၁၀၅-၁၀၆ ရရှိနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပေးတယ်၊ အဲဒီနောက် ၁၀၅-၁၀၆ကို ပြည်နယ်အစိုးရခွင့်ပြုချက်ရနိုင်ဖို့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ ပြည်နယ်ကို အဆင့်လိုက်ပို့တော့ ပြည်နယ်ကနေလည်း ခွင့်ပြုချက်ရတယ်၊ အဲဒါကြောင့် ကျနော်တို့ ဆောက်ဖို့ လုပ်နေတာပါ၊ ရေစမ်းဦးဧရိယာမှာ ဖြစ်လို့ဆိုပြီး ကန့်ကွက်ကြပေမယ့် ရေစမ်းဦးနဲ့ ဝေးပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ ဆက်ဆောက်သွားမှာပါ” ဟု လွှတ်တော်ဒုဥက္ကဌ ဦးတိတ်ထန်းမှပြောသည်။
NLD ပါတီရုံး တည်ဆောက်မည့်နေရာအတွက် ပုံစံ ၁၀၅-၁၀၆ ရရှိရေးအတွက် စာတင်သည့် အချိန်တွင် ရေစမ်းဦးထွက်သည့်နေရာဖြစ်သဖြင့် ပါတီရုံးမဆောက်ရန် ရပ်ကွက်နေပြည်သူများမှ ၂၀၁၉ ဇန်နဝါရိလတွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်းသိရသည်။
ပါတီရုံးတည်ဆောက်မည့် နေရာနှင့် ပါတ်သတ်ပြီး မင်းတပ်မြို့ခံ ဆလိုင်းမာန်အွမ်မှ “ရေစမ်းဦးဧရိယာမှာတော့ ပါတီရုံးဘဲဖြစ်ဖြစ်၊ နိုင်ငံတော်သမ္မတရုံးဘဲဖြစ်ဖြစ် မဆောက်သင့်ဘူး၊ ပြီးခဲ့တဲ့ ၂၀၁၆ လောက်တုန်းက ကြိုတင်ပြီးတော့ အဲဒီနေရာမှာလုပ်ချင်ကြတော့ ကန့်ကွက်တဲ့သူတွေရှိတယ်လို့ သိရတယ်၊ နောက်ကျတော့ ပြည်နယ်အစိုးရက ဘယ်လိုလုပ်လိုက်လဲမသိဘူး၊ ၁၀၅-၁၀၆ ပါသူတို့ရလိုက်ပြီလို့ ကျွန်တော်တို့ သိရတယ်၊ လူထုကကန့်ကွက်ထားတာကြောင့် ချင်းပြည်နယ်အစိုးရက ဒီနေရာကို ၁၀၅-၁၀၆ ထုတ်ပေးရမယ့် မြေအမျိုးအစားမဟုတ်ဘူး၊ အဲဒါကိုထုတ်ပေးလိုက်လို့ ဆောက်ပေးတော့မယ်လို့သိရတယ်၊ ချင်းပြည်နယ်က မြို့နယ်တိုင်းမှာ ရေးရှားတာကို ကြုံနေရတယ်၊ အဲဒါကြောင့် ရှိတဲ့ရေအရင်းအမြစ်လေးတွေ မတိမ်ကောသွားဖို့ မပျောက်သွားဖို့ မခမ်းခြောက်ဖို့ ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုတယ်၊ ရေအရင်းအမြစ်တွေ ပြန်ထွက်ပေါ်လာဖို့ သစ်ပင်တွေပြန်စိုက်ဖို့လိုတယ်၊ အဲဒါကို ချင်းပြည်နယ်အစိုးရက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မကြည့်ဘဲနဲ့ ပါတီရဲ့ အကျိုးစီးပွားကိုဘဲကြည့်ပြီး ဒီဟာကိုဆောက်မယ်ဆိုရင် ကျွန်တော်တို့ တစ်ခုခုတော့လုပ်ရမယ်၊ တိုင်ကြားတာဖြစ်ဖြစ် ဆန္ဒပြတာဖြစ်ဖြစ်ပေါ့”ဟု ပြောသည်။
NLDပါတီရုံးတည်ဆောက်မည့် နေရာမှာ မင်းတပ်မြို့ စံပြရပ်ကွက်တွင်ရှိပြီး အဆိုပါမြေဧရိယာရှိ ရေစမ်းဦးမှ ထွက်လာသည့်ရေကို စံပြရပ်ကွက် ကွက်စိပ် ၉ နှင့် ဘဝသစ်ရပ်ကွက် ကွက်စိပ် ၇ ရှိ ပြည်သူလူထုများမှ သောက်သုံးကြကြောင်းသိရသည်။







