လုံးခင်းအုပ်စု ကျေးရွာများအတွင်း လုယက်မှု ကျူးလွန်နေသော လူငယ်တစ်ဖွဲ့အား ဇူလိုင် ၂၀ ရက်နေ့ ဖမ်းဆီးရမိကြောင်း လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
“ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက သတင်းရလို့ သွားဖမ်းတဲ့ချိန် သူတို့က ဓါး၊ ဒုတ်တွေနဲ့ပြန်ခုခံတာ ကျနော်တို့ဘက်က လူများလို့ဘဲ မဟုတ်ရင် မဖမ်းနိုင်ဘူး။ ခုအားလုံး စုစုပေါင်း ၇ ယောက်ဖမ်းမိထားပြီ ဖမ်းမိထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာ လုံးခင်းနယ်မြေခံရဲစခန်းမှာ အပ်လိုက်ပြီ။” ဆိုပြီး သွားရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် မှော်စီဇာအုပ်စုအပိုင်မှ ရပ်ကွက်မှူး ကိုဖိုးပွား ကပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့ လယ်ပြင်နှစ်မျက်နှာ ဘုရားလမ်းအတက်လမ်းတွင် ဖြစ်ပွားခဲ့သည့် လုယက်မူမှ တစ်ဆင့် ခြေရာခံ ဖမ်းမိသွားခြင်းဖြစ်သည် ဟု သိရပါသည်။
ယင်းလုယက်မူတွင် ဖုန်း ဆင်းကတ် ၂ ကဒ် ထိုးထားသည့် ကိုမောင်ထွန်း၏ ဖုန်းအား လုယူသွားခဲ့ပြီးနောက် ဆင်းကတ်တစ်ခုကိုသာ ထုတ်ပြီး ကျန်တစ်ကဒ်ကို မထုတ်ဘဲ သုံးစွဲနေရာမှ စိုးဘထ္ထရီဆိုင်တွင် အားသွင်းထားချိန် ဖုန်းပိုင်ရှင်မှ ၎င်း၏ဖုန်းအားဆက်သွယ်ပြီး ခြေရာခံကာ လုယှက်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်မှူး ဖိုးပွားပြောပါသည်။
အဆိုပါ လုယှက်သူ ၂ ဦး၏ထွက်ဆိုချက်ကြောင့် နောက်ထပ် ၅ ဦးပြန်လည်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။
“အစတော့ ၂ယောက်အရင်ဖမ်းမိတာပေါ့နော်။ နောက်မှကျန်တဲ့ ၅ယောက်ပြန်ဖမ်းမိတာ ခုသူတို့ရဲ့စစ်ချက်တွေပေါ်မူတည်ပြီးတော့မှဘဲ ပုဒ်မဘယ်လောက်နဲ့စွဲသွားမယ်ဆိုတာ သိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦး နှစ်ဦးမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့တွေက လုပ်ထားထာတွေများနေတော့ ဘယ်ချိန်မှာ ဘယ်သူ့ဆီက ဘယ်လောက်လုယူထားတယ်။ ဆိုတာတွေတောင်မမှတ်မိကြတော့ဘူး။ အဲဒါကြောင့် ပုဒ်မကတော့ စစ်ပြီးနောက်ပိုင်းမှဘဲ ပုဒ်မအပြောင်းအလဲရှိမယ်။ ခုအဲအဖွဲ့ထဲကဘဲ မမိသေးတဲ့သူတွေရှိသေးတယ်။ ” ဆိုပြီး လုံးခင်းနယ်မြေ ရဲအုပ်လွင်ကိုဦးက ပြောသည်။
ဖမ်းဆီးရမိထားသည့်သူများထဲတွင် လုယက်အဖွဲ့ခေါင်းဆောင်ဖြစ်သူ မာမျိုး အပါအဝင် ဒေါင်းကြီး၊ ဇော်နန်၊ ရဲဇော်၊ နောနော်၊ စောလွင်(ခ)သီဟ၊ ကိုဖြိုး စုစုပေါင်း (၇) ဦး ကိုဖမ်းဆီးရမိထားပြီး ယင်းလုယက်အဖွဲ့ထဲတွင် အနည်းဆုံး ၁၂ ဦး ရှိပြီး ကျန်ရှိနေသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“တစ်ချို့ပစ္စည်းတွေက ရောင်းလိုက်ကြပြီ အဲကြောင့် ကျနော်တို့အနေနဲ့ ခုစီစစ်ပြီး ကျန်နေသေးတဲ့ ပစ္စည်းတွေကို တိုင်ကြားထားတဲ့သူများနဲ့ ကျေးရွာရပ်ကွက်က ဒေသခံပြည်သူများကို မူလပိုင်ရှင်တွေထံ စီစစ်ပြီး ပြန်အပ်မှာပါ။” ဆိုပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ရဲအုပ်လွင်ကိုဦး ကဆိုသည်။
ဖားကန့်မြို့သည် မြန်မာနိုင်ငံကျောက်စိမ်းထွက်ရှိ ဒေသဖြစ်ပြီး ဒေသပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ လာရောက်ကျောက်ရှာကြသည့်နေရာဖြစ်သည့်အတွက် ယခုကဲ့သို့ ကျောက်တူးခွင့် ပိတ်ထားသည့် မိုးရာသီချိန်များတွင် အလုပ်အကိုင်ရှားပါးနေသည့်အတွက် လုယက်မူ ပိုများကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။
ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးဘက်မှလည်း မိုးရာသီတွင် ကင်းလှည့်သည့် အစီစဉ်များကို ပိုမိုတင်းကြပ်ကာ ဆောင်ရွက်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ သိရသည်။
၂၀၁၈ခုနှစ် နမ္မဖြစ်တွင် ယခုကဲ့သို့ အုပ်စုဖွဲ့ လုယက်သည့်အဖွဲ့အား ဖမ်းဆီးရမိပြီးနောက် လုယက်မူ မရှိသလောက် လျော့နည်းသွားသော်လည်း ယခုနှစ်တွင် နောက်တစ်ဖွဲ့ ထပ်မံပေါ်လာကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကဆိုသည်။
အဆိုပါအဖွဲ့ကို လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာ၊ လယ်ပြင်၊ ရပ်ကွက် ၅မှ အုပ်ချုပ်ရေးအဖွဲ့နှင့် လုံးခင်းအရန်မီးသတ်၊ နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းကာ စုစုပေါင်းလူဦးရေ ၃၀ကျော်ဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။







