ချင်းပြည်နယ် နှာဟရိန်မြို့ အထကကျောင်းရှေ့ရှိ အားကစားကွင်းတွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖောက်ခြင်းနှင့် အဆောက်အဦးဆောက်လုပ်ခွင့် ခွင့်ပြုခြင်းတို့အပေါ် ဒေသခံပြည်သူ ၂၇၀ခန့်မှ ဇူလိုင်လ ၁၄ရက် ညနေပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
“အခုလိုဆန္ဒဖော်ထုတ်ဖို့ကို ဇူလိုင် ၁၀ ရက်နေ့မှာ စာတင်ခဲ့တယ်၊ စာတင်ပြီး ၁၂ရက်နေ့မှာ တာဝန်ရှိသူတွေက လာခေါ်လို့ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူးရယ်၊ ရပ်မိရပ်ဖတွေရယ် ဆန္ဒဖော်ထုတ်ဖို့ ဦးဆောင်တဲ့သူ ၃ယောက်ရယ် ဆွေးနွေးညှိနှိုင်းကြတယ်၊ သူတို့က အခုဆောက်မယ့်နေရာမဟုတ်ဘဲနဲ့ ကွင်းရဲ့အရှေ့ဘက်မှာ ပြောင်းပြီးဆောက်ပေးမယ်ပြောမယ်၊ အဲဒါကြောင့် ဆန္ဒဖော်ထုတ်ခြင်းမပြုဖို့ တောင်းဆိုတယ်၊ ဒါပေမယ့် သဘောမတူကြဘူး၊ ဘော်လုံးကွင်းအတွင်းနှင့် ကွင်းဧရိယာအတွင်းမှာ ဘာအဆောက်အဦးကိုမှ မရှိစေချင်တာကြောင့် ယခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်၊ သူတို့ပြောင်းပြီးဆောက်မယ်ဆိုရင် မြို့ပြစီမံကိန်းဆွဲတုန်းက ဌာနဆိုင်ရာတွေအတွက် သတ်မှတ်ထားတဲ့နေရာတွေရှိတယ်၊ အဲဒီနေရာမှာ ပြောင်းဆောက်မှသဘောတူမယ်”ဟု ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သူ ကိုမိုက်ကယ်မှပြောသည်။
အဆိုပါ ဘော်လုံးကွင်းမှာ နှာရိန်းမြို့ အလကကျောင်းအဆင့်မှ အထကကျောင်းအဆင့်သို့တိုးမြှင့်နိုင်ရန် ဘော်လုံးကွင်းရှိဖို့ လိုအပ်သဖြင့် ဒေသခံများမှ ချင်းရိုးရာပေါက်တူး၊ ပုလိုင်း၊ နွားသရေများအသုံးပြုပြီး ၄နှစ်ခန့် အချိန်ယူ တူးဖော်ခဲ့သည့် ဘော်လုံးကွင်းဖြစ်သဖြင့် ဒေသခံများမှ ဘိုးဘွားအမွေအဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး အာဏာပိုင်များမှ ဒေသခံများနှင့် ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖော်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်ရန် ပြင်ဆင်နေခြင်းကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုမိုက်ကယ်မှ “အခုလို ဆန္ဒဖော်ထုတ်ပြီး တစ်ပတ်၊ ဒါမှမဟုတ် တစ်လအတွင်း သက်ဆိုင်ရာက လူထုတောင်းဆိုချက် အရေးယူဆောင်ရွက်ပေးခြင်းမရှိရင် မီဒီယာတွေကိုခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ အဲဒါကို ဆောင်ရွက်ပေးခြင်းမရှိသေးရင် ချင်းပြည်နယ်လွှတ်တော်ရုံးကို သွားရောက်ပြီး ဆန္ဒဖော်ထုတ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
နှာဟရိန်မြို့သည် ထန်တလန်မြို့နယ်အတွင်းတွင်တည်ရှိပြီး ကျေးရွာအဆင့်မှ မြို့အဆင့်သို့တိုးမြှင့်သွားသည့် မြို့ဖြစ်သဖြင့် ဌာနဆိုင်ရာရုံးများတည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေကြကြောင်း သိရသည်။







