ပြည်ထောင်စုအစိုးရထံမှ ချင်းပြည်နယ် အစိုးရ ဖြည့်စွက်ငွေရရှိသည့် ၁၇.၂၈ ဘီလီယံကို လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးခြင်းမပြုဘဲ အစိုးရအဖွဲ့ဝန်ကြီးများရှိသည့် မဲဆန္ဒနယ်မြေများတွင် ဘတ်ဂျက်အများစု ရေးဆွဲအတည်ပြုခြင်းမှာ အာဏာရှင်အစိုးရကဲ့သို့ဖြစ်နေကြောင်း ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကဝေဖန်လိုက်သည်။
ဦးအောင်လျန်က “ ပြည်ထောင်စုက ညွှန်ကြားတာက ပြည်သူလူထု အကျိုးခံစားခွင့်အတွက် ပေးလိုက်တဲ့ ဘတ်ဂျက်ဖြစ်တယ်။ လက်ရှိမှာ ဝန်ကြီးတွေက သူတို့မဲဆန္ဒနယ်မြေမှာပဲ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြီး လုပ်ထားသလိုမျိုးဖြစ်နေတယ်” ဟုထောက်ပြသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ဖြည့်စွက်ငွေရရှိသည့် ရန်ပုံငွေကို အပြီးသတ်ရေးဆွဲကာ နောက်ဆုံးမှ လွှတ်တော်ဥက္ကဌထံတင်ပြလာခြင်းဖြစ်ပြီး ချင်းပြည်နယ်လွှတ်တော်အတွင်း ဆွေးနွေးလာမှုကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မတူပီမဲဆန္ဒရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က ကန့်ကွက်ခဲ့သည်။
ဦးအောင်လျန်က “ ဥက္ကဌကလည်း ထန်တလန်နဲ့ ဟားခါးမဲဆန္ဒနယ်မှာ ဘတ်ဂျက်ပိုသုံးထား တာရှိတယ်။ ဒုသမ္မတရဲ့ညွှန်ကြားချက်အရ ဆိုပြီး ဘတ်ဂျက်တွေ ပိုပြီးထည့်သုံးတယ်။ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့မှာ ဒုသမ္မတလာတုန်းက တင်ပြချက်တွေကို ဘာမှ ညွှန်ကြားတာမရှိဘူး။ ပလက်ဝဖက်တွေမှာဆိုရင် ကျေးရွာလမ်းတွေမပေါက်သေးဘူး။ အဲဒါတွေကို ဒုသမ္မတခရီးစဉ်မှာ တင်ပြတယ်။ အဲလိုတင်ပြတာကို ဘတ်ဂျက်အရ လုပ်လို့မရဘူးလို့ ဒုသမ္မတကပြောသွားတယ်။ ဟားခါး၊ ထန်တလန်ဖက်မှာကျတော့ အဲလိုမျိုးညွှန်ကြားမှုရှိတယ်ဆိုတော့ ဒုသမ္မတက မြို့နယ် နှစ်ခုကိုပဲ ဦးစားပေးသလိုဖြစ်နေတယ်။ ကျန်တဲ့မြို့နယ်အတွက် တင်ပြတာကျတော့ ညွှန်ကြားချက်မပေးဘူး” ဟုပြောသည်။
ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အဓိက မတူပီ မဲဆန္ဒနယ် အမှတ် (၁) နဲ့ အမှတ် (၂) မှာ ဘတ်ဂျက်ခွဲဝေတာမမျှဘူးလို့ဆွေးနွေးကျတယ်။ ဘတ်ဂျက်ကိစ္စက လွှတ်တော်မှာ ဆွေးနွေးဖို့လည်း အချိန်မရဘူး။ နယ်မြေခံဝန်ကြီးကတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နဲ့ညှိနှိုင်းရင်တော့ ပြေလည်နိုင်တာပေါ့။ နယ်မြေခံဝန်ကြီးအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ချိတ်ပြီး ညှိနှိုင်းလိုက်တော့ အဆင်ပြေသွားတယ်။ တစ်ချို့မြို့နယ်မှာကျတော့ အဲလိုမညှိနှိုင်းနိုင်ဘူး။ မညှိနှိုင်းပဲနဲ့ ကောင်းတယ်ထင်တဲ့ဟာကိုလုပ်လိုက်ကြတော့ မဲဆန္ဒနယ် တစ်နဲ့နှစ်မှာ တစ်ဖက်ကိုပဲ ဘတ်ဂျက်ထည့်ပြီး တစ်ဖက်ကို မျှမထည့်ဘူးဆိုပြီး ပြသနာတက်ကြတာပေါ့၊ အခုနောက်ထပ်တိုးတဲ့ဘတ်ဂျက်ကျတော့ အရေးပေါ် ပြည်ထောင်စုကို အမြန်တင်ရမှာဆိုတော့ လွှတ်တော်ကလည်း အစည်းအဝေးမခေါ်ထားတော့ နောက်ဆုံးသုံးရက်မှာ အရေးပေါ်လုပ်လိုက်ရတာဖြစ်တယ်” ဟုပြောသည်။
ဖြည့်စွက်ငွေဘတ်ဂျက်ရေးဆွဲစဉ် ကက်ဘိနက်အဖွဲ့နှင့် လွှတ်တော်ဥက္ကဌတို့ပါဝင်ကြောင်း၊ မိမိသိလိုက်ချိန်တွင် ပြသနာမရှိတော့ကြောင်း၊ ဘတ်ဂျက်မှာလည်း လူဦးရေနှင့် နယ်မြေအကျယ်အဝန်းပေါ် မူတည်ပြီးသတ်မှတ်ရသည့်အတွက် ရန်ပုံငွေရရှိမှုကွာဟနိုင်ကြောင်း၊ အတိအကျပေးရန်မဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။
ပြည်နယ်အစိုးရမှ တင်ပြလာသည့် ရန်ပုံငွေစာရင်းနှင့်ပတ်သက်ပြီး ဇွန်လ (၂၈) ရက်နေ့က ချင်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ကန့်ကွက်မှုရှိခြင်းကြောင့် လွှတ်တော်ဥက္ကဌမှ မတ်တပ်ရပ်မဲခွဲစေခဲ့ရာ ကန့်ကွက်သူ ၃ ဦးရှိကာထောက်ခံမှုအများဖြင့် မဲရှုံးနိမ့်ခဲ့သည်။ ပြည်နယ်အစိုးရမှ တင်ပြလာသည့် ရန်ပုံငွေစာရင်းနှင့်ပတ်သက်ပြီး ကန့်ကွက်မှုရှိခြင်းကြောင့် လွှတ်တော်ဥက္ကဌမှ မတ်တပ်ရပ်မဲခွဲစေခဲ့ရာ ကန့်ကွက်သူ ၃ ဦးရှိကာထောက်ခံမှုအများဖြင့် မဲရှုံးနိမ့်ခဲ့သည်။
ဦးအောင်လျန်က “ ချင်းပြည်နယ် ကိုးမြို့နယ်ကြည့်မယ်ဆိုရင် တရားမျှတမှုလုံးဝမရှိဘူး။ တန်းတူအခွင့်အရေးလည်းမရဘူး။ ရေရှည် အတွက်လုံးဝမကောင်းနိုင်ဘူး” ဟုပြောသည်။
သူကဆက်ပြီး ဝန်ကြီးရှိသည့် မဲဆန္ဒနယ်များတွက် ဘတ်ဂျက်အလွန်အကျွံအသုံးပြုနေချိန်တွင် အချိုု့ကျေးရွာများတွင် လမ်းမိုင်လေးမိုင်သာဖောက်လုပ်နေရမှုများရှိသည်ဟုပြောသည်။







