ဟားခါးမြို့ရေပေးဝေရေးစီမံကိန်း သတ်မှတ်ဘတ်ဂျက်ဖြင့် အချိန်မီလုပ်ငန်းမပြီးစီးနိုင်သည့် ကုမ္ပဏီနှစ်ခုမှ အစိုးရထံ လျော်ကြေးငွေ ၂၂၀ သန်းပေးဆောင်ရမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီးဦးစိုးထက်က “ကုမ္ပဏီကို စာရင်းရှင်းလင်းတာနဲ့ ပိုက်ဆံပြန်လျော်ခိုင်းတာ အရေးယူတာတွေ လုပ်ရဦးမယ်၊ အဲဒါပြီးတာနဲ့ဲ စည်ပင်ကဘဲ တိုက်ရိုက်လုပ်တော့မယ်” ဟုပြောသည်။
အဆိုပါစီမံကိန်းကို KMDL ကုမ္ပဏီနှင့် မိုးကုတ်ရွှေရည်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း သုံးဘီလီယံအကုန်ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းစီမံကိန်း သတ်မှတ်ချိန်လပြည့်မီသည့်အထိ ဟားခါးမြို့ပေါ်တွင် ရေဖြန့်ဝေနိုင်သေးခြင်းမရှိခြင်းကြောင့် သက်ဆိုင်ရာအစိုးရမှ ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။
“လုပ်ငန်းကို စနစ်တကျလုပ်ဆောင်မှုမရှိတာ၊ လုပ်ငန်း သက်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှုမရှိတာတွေကြောင့် ဒဏ်ကြေးငွေ ၂၂၀သန်း ပေးလျော်ရမှာဖြစ်တယ်။ အဲဒီငွေတွေကို နိုင်ငံတော်ဘတ်ဂျက်မှာ ပြန်သွင်းရမှာဖြစ်တယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ပြည်နယ်စည်ပင်မှူး ဆလိုင်းလွှန်ဆဝှန်မှ“ နည်းစနစ်မကျဘဲနဲ့ လွဲချော်မှုတွေရှိတယ်၊ ငွေကျပ်သုံးဘီလီယမ်ဆိုတော့ ကျပ်သိန်းပေါင်းသုံးသောင်းလောက်ရှိတယ်လေ၊ အဲဒီလုပ်တဲ့ဟာလွဲချော်မှုရှိတဲ့အခါကျတော့ အသစ်ပြန်လုပ်တာကပိုလွယ်တယ်”ဟုပြောသည်။
ဟားခါးမြို့ပေါ်တွင် ရပ်ကွက် (၇) ခုရှိပြီး မိုးရာသီကာလမှလွဲကာ ရေကိုဝယ်ယူသုံးစွဲနေရသည့်အခြေအနေထိ ရေရှားပါးလျက်ရှိသည်။







