ဆင်တုပ်ကွေးလို့ အရပ်ကခေါ်သည့် ဗိုင်းရပ်စ်ပိုးများမွန်တွင်ကူးစက်ခံရမှုများရှိနေ

ဆင်တုပ်ကွေးလို့ အရပ်ကခေါ်သည့် ဗိုင်းရပ်စ်ပိုးများမွန်တွင်ကူးစက်ခံရမှုများရှိနေ

မွန်ပြည်နယ်ရှိ ကျေးရွာအချို့တွင် ဆင်တုပ်ကွေးဟု အရပ်ကခေါ်သည့် တုပ်ကွေးရောဂါများပြန့်နှံ့ပြီး ကူးစက်ခံရမှုများ ရှိနေကြောင်း မွန်ပြည်နယ် ဌက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း လူ(၅၀)ခန့် ဆင်တုပ်ကွေးရောဂါကို ကူးစက်ခံစားနေရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တုပ်ကွေးရောဂါခံစားနေရသူများ၏ သွေးရည်ကြည်ကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ စမ်းသပ်စစ်ဆေးနေပြီး ဆင်တုပ်ကွေး ဟုတ်/မဟုတ်ကို ဆယ်ရက်ခန့်ကြာမှ အဖြေထွက်မည်ဖြစ်ကြောင်း သိရသည်။

“ရောဂါလက္ခဏာတွေကတော့ ဖျားမယ် အင်စက်တွေ ပေါ်လာမယ် တစ်ခုထူးခြားတာက ဒီတုပ်ကွေးမှာ အဆစ်တွေ အရမ်းကိုက်တယ် သုံးရက်ကနေ ငါးရက်ထိကို တော်တော်ကြီးကို ကိုက်တယ် အချို့လည်း အဖျားပျောက်ပြီးတာတောင် အဆစ်ကိုက်နေတဲ့သူတွေ ရှိသေးတယ်” ဟု မွန်ပြည်နယ် ဌက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

အရပ်ထဲတွင် ဆင်တုပ်ကွေးဟုခေါ်သည့် တုပ်ကွေးဗိုင်းရပ်စ်သည် ကူးစက်မှုမြန်ဆန်ပြီး သွေးလွန်တုပ်ကွေးကဲ့သို့ပင် ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ ဆင်တုပ်ကွေးသာဖြစ်ရင်တော့ တစ်ရွာလုံးက ကူးစက်ခံရမှာပဲ ဗိုင်းရပ်စ်ပျံ့နှံ့တာကမြန်တယ် လူတော့အသက်အန္တရာယ်မရှိပေမယ့် ဒဏ်ကိုတော့ ခံစားရမယ်” ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ဆင်တုပ်ကွေးဟုခေါ်သည့် တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရပြီး သုံးရက်မှငါးရက်အတွင်း ရောဂါလက္ခဏာ စတင်ခံစားရမှာဖြစ်ပြီး မွေးကင်းစကလေးများ ၊ အသက်(၆၀)ကျော်လူကြီးများ နှင့် သွေးတိုး ၊ ဆီးချို နှင့် နှလုံးရောဂါအခံရှိသူများ ပိုမိုခံစားရကြောင်း သိရသည်။

ယင်းတုပ်ကွေး၏ ရောဂါလက္ခဏာများမှာ အဆစ်အမြစ်လွန်ကဲစွာ ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ကြွက်သားများနာကျင်ခြင်း ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် အရေပြားတွင် အင်းစက်များ ပေါ်လာမည်ဖြစ်ပြီး ရာသီတုပ်ကွေးကာကွယ်ဆေးများလည်း အဆိုပါဆင်တုပ်ကွေးဟုခေါ်သည့် ဗိုင်းရပ်စ်ကို မကာကွယ်နိုင်ကြောင်း သိရသည်။

ယခုအချိန်တွင် ပြီးခဲ့သည့်ငါးနှစ်မှ ဒေတာအချက်အလက်တွေအရ မြို့နယ်တိုင်းတွင် သွေးလွန်တုပ်ကွေး အဖြစ်များဆုံး ငါးရပ်ကွက်ကိုဖော်ထုတ်၍ ခြင်များမပေါက်ပွားအောင် ပိုးလောက်လန်းကာကွယ်ဆေးများ ခတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဆင်တုပ်ကွေးဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကို တန်ဇန်းနီးယားနိုင်ငံမှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင် လူထံသို့ ကူးစက်ခြင်းကို ပထမဆုံးအနေဖြင့် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ ကင်ညာနိုင်ငံမှတစ်ဆင့် နိုင်ငံအတော်များများသို့ ကူးစက်ပျံ့နှံ့ခဲ့တာလည်း ဖြစ်သည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...