ဈေးဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါမခေါ်ဘဲ စိတ်ချရသည့် ကုမ္ပဏီနှင့်ဆောက်လုပ်သွားမည်ဟုဆို

ဈေးဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါမခေါ်ဘဲ စိတ်ချရသည့် ကုမ္ပဏီနှင့်ဆောက်လုပ်သွားမည်ဟုဆို

မော်လမြိုင်မြို့တွင် ဆောက်လုပ်မည့် ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘတ်ဂျက်ကာလအတွင်း ပြီးစီးသွားနိုင်ဖို့အတွက် စည်ပင်သာယာဌာနအနေနှင့် တင်ဒါခေါ်ယူသွားတော့မည်မဟုတ်ဘဲ စိတ်ချရတဲ့ကုမ္ပဏီနှင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဇွန်လ(၄)ရက်နေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယတစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘတ်ဂျက်ကာလ သုံးလခန့်သာကျန်ရှိတော့တာကြောင့် အချိန်မှီပြီးစီးရန်အတွက် တင်ဒါမခေါ်ယူတော့ဘဲ ဈေးဆောက်လုပ်ရေးလုပ်ငန်းများကို မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိတ်ချရသည့်ကုမ္ပဏီနှင့်သာ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

“အချိန်မှီပြီးဖို့ ဘတ်ဂျက်သုံးလပဲကျန်တယ် သုံးလအတွင်းမှာ ကိုယ်ပြောလို့ဆိုလို့ပြီးတဲ့ ကုမ္ပဏီကိုမခိုင်းလို့ အချိန်မီ မပြီးရင် ဘတ်ဂျက်စည်းမျဉ်းစည်းကမ်းနဲ့ လာညှိအုံးမယ်” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

စိတ်ချရသည့်ကုမ္ပဏီဆိုသည်မှာ အရည်အသွေးကောင်းပြီး အချိန်မှီပြီးစီးအောင်ဆောင်ရွက်နိုင်သည့်အပြင် အင်ဂျင်နီယာဖွဲ့စည်းပုံနှင့် ညီညွတ်သည့်ကုမ္ပဏီကို ဆိုလိုကြောင်း ၎င်းကထပ်မံပြောကြားသည်။

တင်ဒါလုပ်ထုံးလုပ်နည်းအညီဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ အပိုဒ်(၅)တွင် ဖော်ပြထားချက်အရ ပြည်နယ်အစိုးရနှင့် လုပ်နေကျအဖွဲ့အစည်း၊ ကျွမ်းကျင်ပြီးသားဖြစ်နေသည့် အဖွဲ့အစည်းများသည် ဘတ်ဂျက်ကာလ အချိန်ကန့်သတ်ချက် ရှိလာလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကန်ထရိုက် စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ရှိကြောင်း စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ကျန်ရှိသည့်ဘတ်ဂျက်ကာလ သုံးလအတွင်း ဘဏ္ဍာငွေ ကျပ် သန်း(၁၆၀၀)ကျော်အသုံးပြု၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရောမြို့မဈေးတို့ကို အဆင့်မြှင့်တင်သွားရန် ရည်ရွယ်ထားသည်။

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် ဈေးအချို့သည် ဈေးသူဈေးသားများ၏ သဘောထားဆန္ဒများကို ကြိုတင်ရယူခဲ့ခြင်းမရှိသည့်အတွက် ကန့်ကွက်မှုတွေနှင့် ရင်ဆိုင်နေရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းများလုပ်ကိုင်ခွင့်ချပေးသည်ကို တိုင်ကြားပါက ယှဉ်ပြိုင်မှုဥပဒေဖြင့် အရေးယူမည်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်ပါ အရေးယူနိုင်ကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ဇွန်လ (၃)ရက်နေ့တွင် ပြောဆိုခဲ့သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...