မြေပြိုမှုဖြစ်ပွားခဲ့သည့် ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်၏ ကုန်းတော်အား ပြုပြင်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်ငွေ (၃)ဘီလီယံကျော် ထပ်မံလိုအပ်နေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လ(၁၇)ရက်နေ့တွင် မိုးသည်းထန်းစွာ ရွာသွန်းခဲ့သည့်အတွက် ကျိုက်သလ္လံစေတီတော်မြတ် တည်ရှိရာ ကုန်းတော်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာများကို ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်နေပြီး စေတီတော်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်သည့် အဆင့်အထိကို ဘတ်ဂျက်ငွေကျပ် (၄)ဘီလံကျော်ခန့် လိုအပ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
လက်ရှိတွင် ပြည်နယ်အစိုးရအနေနှင့် အလှူငွေလက်ခံရရှိထားမှုသည် ကျပ်(၁.၄)ဘီလီယံရရှိထားပြီး မြေပြိုသည့်နေရာများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင့်ခဲ့သည့် ကုမ္ပဏီအား ပေးချေရမည့် ငွေပမာဏမှာ ကျပ် (၁.၈) ဘီလီယံခန့်ဖြစ်သည့်အတွက် ဘတ်ဂျက်ငွေ ထပ်မံလိုအပ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်က ပြောသည်။
“ပြုပြင်ဆောင်ရွက်တဲ့နေရာမှာ ခုခေတ်နည်းပညာတွေဟာ ခေတ်မှီလာတာကြောင့် ရေရှည်တည်တံ့အောင်ဆောင်ရွက်နေပါတယ် နည်းပညာနဲ့ဆောင်ရွက်ရတာကြောင့် ယခင်ပြုပြင်တာနဲ့ ယခုပြုပြင်တာက ဈေးနှုန်းကွာခြားမှုတွေက ပိုကြီးမားတယ် ဘုရားကြီးပြုပြင်ဖို့ အရင်ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်တွေထက် ပိုလာတာပေါ့ “ ဟု ၎င်းကပြောသည်။
ကုန်းတော်ကြီး၏ မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာများအား ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်းများကို လာမည့်(၆)လအတွင်း အပြီးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
မြေပြိုသည့်နေရာများကို ဇုန်လေးခုသတ်မှတ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မြေပြိုမှုအားကာကွယ်ရန် ဘိုးပိုင်များစိုက်ထူခြင်းနှင့် မြေထိန်းနံရံများ ဆောင်ရွက်ထားကြောင်း သိရသည်။
“မိုးမကျခင်တော့ ဇုန်(၁)ကို ပြီးစီးအောင်လုပ်နေပါတယ် လက်ရှိအနေအထားအရ ကုန်းတော်ပြင်ဆင်မှုဟာ ၁၂ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီး လက်ရှိလုပ်ထားတဲ့မြေထိန်းနံရံတွေကြောင့် နောက်ထပ်မြေပြိုစရာအကြောင်းတော့ မရှိတော့ဘူး “ ဟု ပြင်ဆင်ရေးလုပ်ငန်းများကို အနီးကပ်စောင့်ကြည့်နေသည့် ပြည်နယ်လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးဇော်ဝင်းက ပြောသည်။
မြေပြိုမှုအများဆုံးဖြစ်ပွားခဲ့သည့် ဇုန်(၁)တွင် မြေကြီးအနက် ၂၁ မီတာအထိကို ဘိုးပိုင်တွင်းများတူပြီး ကွန်ကရစ်များလောင်းထားသည့်အတွက် ထပ်မံ၍မြေပြိုမှုဖြစ်ပွားမှာကို မစိုးရိမ်ရကြောင်း သိရသည်။
“နောက်တစ်ပတ်လောက်ဆိုရင် အပေါ်ပိုင်းကပြီးလောက်ပြီး မြေပြိုဖို့တော့ ပြသနာမရှိတော့ဘူး ငလျင်လှုပ်တာတို့ မိုးသဲကြီးမဲကြီးရွာရင်တောင် လုံးဝမပြိုတော့ပါဘူး” ဟု ဇုန်(၁)ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်မင်းနိုင်က ပြောသည်။
ကျိုက်သလ္လံံစေတီတော်၏ တိုးချဲ့ရင်ပြင်နှင့်တန်ဆောင်းများ ပြိုကျပျက်စီးမှုသည့် ဂေါပကအဖွဲ့အနေဖြင့် ရင်ပြင်တော်တိုးချဲ့မှုကို စနစ်တကျမလုပ်ဆောင်ခဲ့တာကြောင့်ဖြစ်ပြီး ကုန်းတော်ပေါ်တွင် နောက်ထပ် အဆောက်အဦးများ ၊ စေတီငယ်များကို စည်းကမ်းမဲ့ဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဂေါပကအဖွဲ့အား သတိပေးပြောဆိုခဲ့သည်။
ထို့အပြင် စေတီတော်ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်နိုင်ရန် ဂေါပကအဖွဲ့အနေဖြင့် ထိန်းသိမ်းရေးရန်ပုံငွေ သီးသန့်ထားရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့သည်။







